ကတိများကို စောင့်ထိန်းခြင်း

ကတိများကို စောင့်ထိန်းခြင်း
Published 12 May 2021

လူလူချင်း ဆက်ဆံရေးနှင့်ပတ်သက်၍ အနောက်တိုင်းဆိုရိုးတွင် အဓိကစည်းမျဉ်း သုံးရပ်ရှိသည်။ ယင်းတို့မှာ “မလိမ်ညာနဲ့၊ မလှည့်စားနဲ့၊ မစောင့်ထိန်းနိုင်တဲ့ ကတိတွေ မပေးနဲ့” ဟူ၍ဖြစ်သည်။ မြန်မာစာပေ၌လည်း “ကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏” ဟူသော ဆိုရိုးစကားသည် အထင်အရှား ရှိနေဆဲဖြစ်သည်။ လူအများစုသည် အချိန်မရွေး ကတိများ ပေးတတ်ကြသည်။ သို့သော် ပေးခဲ့သည့်ကတိများ တည်စေရန် မည်သို့မည်ပုံ ထိန်းသိမ်းတတ်ကြပါသနည်း။ လူတစ်ဦးအတွက် ဘဝ၌ ပေးခဲ့သမျှ ကတိအားလုံး တစ်ခုမကျန်တည်အောင် ထိန်းသိမ်းရန်မဖြစ်နိုင်ပေ။ မိမိအနေဖြင့် ကတိမည်မျှကို ချိုးဖောက်ခဲ့ပြီး ကတိများအား မည်သို့မည်ပုံ ကိုင်တွယ်ခဲ့သနည်းဟူသည်မှာ မိမိကိုယ်မိမိ နားလည်ရန်အတွက် အဓိကအချက်ဖြစ်သည်။ အဘိဓာန်၌ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ ကတိဟူသည် တစ်စုံတစ်ဦးအနေဖြင့် သတ်မှတ်ထားသည့် တစ်စုံတစ်ရာကို ပြုလုပ်ပါမည် သို့မဟုတ် ရှောင်ကြဉ်ပါမည်ဟူသော ကြေညာချက်ဖြစ်သည်။ လူတစ်ဦးကို သတ်မှတ်ထားသော လုပ်ရပ်တစ်ခုအားပြုလုပ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို မျှော်လင့်ရန် သို့မဟုတ် အာမခံချက်ပေးရန် အခွင့်အရေးပေးမည်ဟူသည့် စည်းမျဉ်းသဘောအရ ကြေညာချက်ဖြစ်သည်။

လူတစ်ဦးအနေဖြင့် အခြားသူတစ်ဦးအပေါ် ကတိမတည်သည့်အခါ ထိုသူသည် အဆိုပါအခြားသူကို တန်ဖိုးမထားဟူသည့် ဆက်ဆံရေးသဘောကို ဆောင်သည်။ မိမိ ကတိပေးထားသည့်အရာအစား အခြားတစ်ခုကို ရွေးချယ်လိုက်ခြင်းလည်းဖြစ်သည်။ အခြားသူများက ၎င်းတို့အနေဖြင့် မိမိကို အားကိုးအားထားပြုရန် မဖြစ်နိုင်တော့ကြောင်း သဘောပေါက်သွားကြပေလိမ့်မည်။ ဆက်ဆံရေး၌ သေးငယ်သော အက်ကြောင်းကလေး များ ဖြစ်ပေါ်လာခြင်းသည်ပင်လျှင် ကတိချိုးဖောက်မှု၏ အမှတ်အသားဖြစ်သည်။ ကတိ ချိုးဖောက်ခြင်းသည် အခြားသူများနှင့် ဆက်ဆံရေးကို တန်ဖိုးမထားရုံသာမက မိမိကိုယ်တိုင်၏ စကားကိုပင် မိမိအနေဖြင့် တန်ဖိုးမထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် မိမိကိုယ်တိုင်ကိုပင် တန်ဖိုးမထားခြင်းဖြစ်သည်။ မိမိကိုယ်တိုင်ကို တန်ဖိုးမထားသူအား အခြားသူများက ၎င်းတို့ကို တန်ဖိုးထားမည်ဟု ယုံကြည်နိုင်ပါမည်လား။ ထို့ကြောင့် ကတိများ ချိုးဖောက်ခြင်းသည် မိမိကိုယ်တိုင်၏ ပုံရိပ်၊ မိမိကိုယ်မိမိ ယုံကြည်မှုနှင့် မိမိ၏ ဘဝ တစ်ခုလုံးကို ထိခိုက်စေနိုင်သည်။

အကယ်၍ တစ်စုံတစ်ဦးအနေဖြင့် မိမိတည်နိုင်သည်ထက်ပိုသော ကတိများပေးခဲ့ပါက “ကတိ၏နောက်ကွယ်ရှိ စေ့ဆော်ချက်ကား အဘယ်နည်း”၊ “သက်ဆိုင်ရာ ကတိတစ်ခုကို အဘယ်ကြောင့် ပေးလိုက်ရသနည်း”၊ “ရည်မှန်းချက်ကား အဘယ်နည်း” နှင့် “ကတိ တည်အောင် ပြုလုပ်ခြင်းသည် သက်ဆိုင်ရာ လက်ခံသူအတွက်လား၊ မိမိကိုယ်တိုင်အတွက်လား” ဟူသည့် မေးခွန်းများ ပေါ်လာသည်။ တစ်ခါတစ်ရံ၌ ကတိများပေးခြင်းသည် ကောင်းမွန်သော ရည်မှန်းချက်များသက်သက်အတွက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တစ်ခါတစ်ရံ၌ ကတိများသည် မိမိတို့ လက်ခံရရှိမည့် အရာအတွက်ဖြစ်သည်။ တစ်စုံတစ်ဦးက မိမိအား နှစ်သက်စေရေး သေချာစေရန်အတွက်လည်းကောင်း၊ မိမိလိုလားသောအရာ ရရှိစေရန်အတွက်လည်းကောင်း ကတိတစ်လုံးကို လွယ်လွယ်ပေးလိုက်တတ်ကြသည်။ အခြားသူများ ကြားချင်သည့်စကားကို ပြောလိုက်ခြင်းဖြစ်သည့်အတွက် ထိုသူများ ပျော်ရွှင်သွားကြသည်။ သို့သော် မိမိအနေဖြင့် ကတိပေးလိုက်သောအရာနှင့်ပတ်သက်၍ မိမိ ကိုယ်မိမိ ရိုးသားကြောင်း လိပ်ပြာသန့်ရန်လိုသည်။ ဘဝသည် အလင်းသွားနှုန်းဖြင့် လျင်မြန်စွာ ကုန်ဆုံးသွားနေပြီး လူသားတို့အနေဖြင့် မိမိ၏အချိန်များကို မည်သို့မည်ပုံ ကုန်ဆုံးစေမည်နည်းဟု ရွေးချယ်မှုများ ပြုလုပ်နေရတတ်သည်။ ထို့ကြောင့် ဘဝ၏ အစီအစဉ်များကို စဉ်းစားသတ်မှတ်ထားရန် လိုအပ်သကဲ့သို့ပင် ကတိမပေးမီ မိမိတည်နိုင်မည့်ကတိ ဟုတ်မဟုတ် မိမိကိုယ်မိမိ အသေအချာမေးရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ မိမိ၏ ကတိများကိုတည်အောင် စောင့်ထိန်းခြင်းသည် အခြားသူများအတွက် ကောင်းကျိုးပြုခြင်းသာမက မိမိကိုယ်တိုင်အတွက် ကောင်းကျိုးပြုခြင်းပါ ဖြစ်ပါကြောင်း The Daiy Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေလ ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent