မြန်မာနိုင်ငံနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးအနေဖြင့် လက်နက်တင်သွင်းမှုပိတ်ပင်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တောင်းဆို

မြန်မာနိုင်ငံနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးအနေဖြင့် လက်နက်တင်သွင်းမှုပိတ်ပင်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တောင်းဆို
ဖေဖော်ဝါရီ ၁၂ ရက်က ဂျီနီဗာရှိ ကုလသမဂ္ဂ၏ ဥရောပရုံးချုပ်တွင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးမှုတွင် သောမက်အင်ဒရူး တင်ပြနေစဉ် (Photo:Belfast Telegraph)
ဖေဖော်ဝါရီ ၁၂ ရက်က ဂျီနီဗာရှိ ကုလသမဂ္ဂ၏ ဥရောပရုံးချုပ်တွင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးမှုတွင် သောမက်အင်ဒရူး တင်ပြနေစဉ် (Photo:Belfast Telegraph)
Published 5 March 2021
Ref:AFP

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့တပ်မတော်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်သွင်းမှုပိတ်ပင်ခြင်းနှင့် ပစ်မှတ်ထားပိတ်ဆို့မှုများ ပြုလုပ်သင့်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းကိုယ်စားလှယ်တစ်ဦးက မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။ ဆန္ဒပြမှုများအပေါ် ရက်စက်စွာနှိပ်ကွပ်ခဲ့မှုများနှင့်ပတ်သက်၍ ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေရပ်များဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမက်အင်ဒရူးက အသစ်ထုတ်ပြန်လိုက်သော အစီရင်ခံစာတစ်ရပ်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည်ရရှိရေးကို တောင်းဆိုသူများအပေါ် ထောက်ခံသည့်အနေဖြင့် ချက်ချင်းပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့သည်။

လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်သွင်းမှုပိတ်ပင်ခြင်းကို ချက်ချင်းဆောင်ရွက်ရန်နှင့် မြန်မာတပ်မတော်နှင့် ၎င်းတို့အကျိုးအမြတ်ရရှိမည့်ရင်းမြစ်များကို ပစ်မှတ်ထားလျက် စီးပွားရေးပိတ်ဆို့မှုများ ဆောင်ရွက်ရန်  အင်ဒရူးက ပြောကြားခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးကောင်စီအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားဆန်မှုကို ချိုးဖောက်သည့်ရာဇဝတ်မှုများအပါအဝင် ရက်စက်ကြမ်းကြုတ်စွာ နှိပ်ကွပ်ခဲ့မှုဖြစ်နိုင်ဖွယ်ရှိသော ရာဇဝတ်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲဆိုရန်အတွက်လည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ မြန်မာနိုင်ငံရှိ အခြေအနေရပ်များကို လွှဲပြောင်းပေးသင့်ကြောင်း အင်ဒရူးက အစီရင်ခံစာ၌ ပြောကြားထားသည်။

ယခု လောလောဆယ်ဆယ်တွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လက်ရှိမြန်မာနိုင်ငံ အစိုးရကိုနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ငြင်းပယ်ရမည်ဖြစ်ကြောင်းလည်း အင်ဒရူးက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ကျွန်တော်တို့တွေ့ရှိရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စဉ်းစားပေးဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို ကျွန်တော်တောင်းဆိုပါတယ်” ဟု ၎င်းက အစီရင်ခံစာတွင် ပြောကြားထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုတစ်ရပ်ကို မတ် ၅ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအားများမြင့်တက်လျက်ရှိသည်။ အနောက်အင်အားကြီးနိုင်ငံများက မြန်မာတပ်မတော် ထိပ်တန်းအရာရှိများအပေါ် ပိတ်ဆို့မှုများ အထပ်ထပ်ချမှတ်ခဲ့ပြီး နိုင်ငံပေါင်း ၄၁ နိုင်ငံက မြန်မာနိုင်ငံအပေါ် လက်နက်တင်သွင်းမှုပိတ်ပင်ခြင်း ပြုလုပ်ထားပြီးဖြစ်သည်။

အင်ဒရူး၏ အစီရင်ခံစာသည် မတ် ၁ ရက်အထိ အခြေအနေများကို တင်ပြထားခြင်းဖြစ်ပြီး မကြာသေးမီရက်များက မြင့်တက်ခဲ့သည့် အကြမ်းဖက်မှုများအကြောင်း ပါဝင်ခြင်းမရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည် အရပ်သားအစိုးရခေါင်းဆောင်အဖြစ်ရှိစဉ် လွန်ခဲ့သည့်နှစ်ကတည်းက လက်ရှိတာဝန်ကိုရယူထားသည့် အမေရိကန်နိုင်ငံသား အင်ဒရူးသည် မြန်မာနိုင်ငံသို့ ဝင်ရောက်လေ့လာခွင့်ကို ထိုစဉ်ကတည်းက တောင်းဆိုထားခဲ့သည်။

သို့သော် သူ၏တောင်းဆိုမှုမှာ COVID-19 ကပ်ရောဂါဖြစ်ပွားနေမှုကို အကြောင်းပြကာ ငြင်းပယ်ခြင်းခံခဲ့ရသည်။

“မြန်မာပြည်သူတွေဟာ သူတို့အစိုးရအဖွဲ့ကို တရားမဝင်ဖြုတ်ချတာခံရပြီး တပ်မတော်ရဲ့ ရက်စက်တဲ့ဖိနှိပ်မှုကို ခံရတယ်ဆိုတာ သိသာထင်ရှားပါတယ်” ဟုလည်း အင်ဒရူးက ပြောကြားခဲ့သည်။

ယခုအခါ ပြန့်ကျဲလျက်ရှိနေသေးပြီး တစ်ခုလုံးအဖြစ် အားကောင်းသည့်စုစည်းမှုရရှိခြင်း မရှိသေးသော်လည်း မြန်မာနိုင်ငံတွင် ဆန့်ကျင်မှုများ မြင့်တက်နေမှုကိုလည်း အင်ဒရူးက အားပေးခဲ့သည်။

“အကြမ်းမဖက်တဲ့ CDM လှုပ်ရှားမှုဟာ သိသိသာသာထိရောက်ကြောင်း သက်သေပြနေပါတယ်။ လူထုရဲ့ မဆုတ်မနစ်တဲ့ ဒီမိုကရေစီဆန္ဒတွေကနေ ခိုင်မာတဲ့စွမ်းအားတစ်ရပ်ဖြစ်လာပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

“တကယ်တော့ မြန်မာနိုင်ငံဟာ အခုထက်ပိုပြီး စည်းလုံးမှုရှိတာမျိုး မဖြစ်ခဲ့ဖူးသလိုပါပဲ” ဟုလည်း ၎င်းက ဆိုသည်။

မြန်မာလူထု၏ ဦးဆောင်မှုနှင့် စိတ်ကူးများကြောင့်ဖြစ်ပေါ်လာသော ယခုသမိုင်းဝင် အချိန်ကာလအခွင့်အလမ်းကို မြှင့်တင်ပေးကြရန် အင်ဒရူးက တိုက်တွန်းခဲ့ပြီး တရားမျှတမှု၊ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့ ကြီးစိုးရမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent