နမူနာ အနည်းငယ်ကို အခြေခံ၍ အကြိုလေ့လာမှုအသစ်တစ်ရပ်အရ တောင်အာဖရိကတွင် စတင် တွေ့ရှိခဲ့သော ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ခံရသူများသည် နောက်ထပ် ဗိုင်းရပ်စ်မျိုးကွဲသစ်များ ထပ်မံကူးစက်ခံရမှုမှ ကာကွယ်ပေးနိုင်သည့် ပိုမိုကောင်းမွန်သော ကိုယ်ခံအား ရရှိဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက မတ် ၃ ရက်၌ ပြောကြားခဲ့သည်။
501Y.V2 ဗိုင်းရပ်စ်မျိုးကွဲသစ်ကို တွေ့ရှိခဲ့သော တောင်အာဖရိက သိပ္ပံပညာရှင်များအဖွဲ့၏ အကြိုသုံးသပ်မှု သုတေသန တွေ့ရှိချက်သည် ယင်းဗိုင်းရပ်စ်မျိုးကွဲအပေါ် အထူးထုတ်လုပ်နေသည့် ဗိုင်းရပ်စ် ကာကွယ်ဆေးများသည် အနာဂတ်မျိုးကွဲသစ်များ ကူးစက်ခံရမှုမှ ထိရောက်စွာ ကာကွယ်ပေးနိုင်သည်ဟူသည့် မျှော်လင့်ချက်ကို မြင့်တက်စေသည်။
501Y.V2 ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည့် လူနာ ၅၅ ဦးမှ နမူနာ လေးရာခိုင်နှုန်းသာ မူလ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲမှ ကူးစက်ခံရနိုင်စွမ်း အာနိသင်ကို ပျက်ပြယ်စေရန် ကျရှုံးခဲ့သည်ဟု တောင်အာဖရိကမျိုးဗီဇ စုံစမ်းထောက်လှမ်းမှုကွန်ရက် (NGS-SA) လက်အောက်ရှိ သိပ္ပံပညာရှင်များက ထုတ်ပြန်သည့် အချက်အလက်တွင် ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် နှစ်ကုန်ပိုင်းက တွေ့ရှိခဲ့သော ယင်းဗိုင်းရပ်စ် မျိုးကွဲသစ်သည် အာဖရိတွင် ကပ်ရောဂါ၏ အဆိုးရွားဆုံး ရိုက်ခတ်မှု အခြေအနေကို လွှမ်းမိုးခဲ့သော မျိုးကွဲသစ် ဖြစ်လာခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းကို ပိုမိုအရှိန်မြင့်တက်စေပြီး ဖေဖော်ဝါရီလတွင် စတင်မည့် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်။
“501Y.V2 ဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ သူကိုယ်တိုင် အာနိသင် ပျက်ပြယ်စေနိုင်တဲ့ အလွန်အဆင့်မြင့် ပဋိပစ္စည်းကို ထုတ်လုပ်ပေးနိုင်ပါတယ်”ဟု ထိပ်သီး ရောဂါပိုးမွှားဗေဒပညာရှင် တူလီယိုဒီအိုလီဗယ်ရာက အကြီးတန်း အစိုးရဝန်ကြီးများ တက်ရောက်သည့် အွန်လိုင်းမှ ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့ပြီး ကိုယ်ခံအား တုံ့ပြန်မှုသည် ယခင် ဗိုင်းရပ်စ်မျိုးကွဲများထက် ပိုမိုသာလွန်သည်ဟု ဆိုသည်။
ယင်းတွေ့ရှိချက်သည် အားလုံးအတွက် သတင်းကောင်းတစ်ရပ်ဖြစ်ပြီး ကပ်ရောဂါကို ထိန်းချုပ်မှုတွင် ကြီးမားသည့် အထောက်အကူတစ်ရပ်ဖြစ်သည်ဟု ယင်းအစည်းအဝေးသို့ တက်ရောက်သည့် ကျန်းမာရေးဝန်ကြီး Zweli Mkhize က ပြောကြားခဲ့သည်။
လက်ရှိ ထွက်ပေါ်နေသည့် ကာကွယ်ဆေးများသည် ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရမှုမှ အနည်းငယ်သာ ကာကွယ်ပေးနိုင်သည်ဟု တွေ့ရှိခဲ့ပြီးနောက် ယင်းဗိုင်းရပ်စ် မျိုးကွဲသစ်များသည် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို များစွာထိခိုက်စေခဲ့သည်။
မကြာသေးမီ သီတင်းပတ်များအတွင်း ဆေးကုမ္ပဏီများသည် ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရန် ၎င်းတို့၏ ဖော်မြူလာများကို ချိန်ညှိလုပ်ဆောင်ခဲ့သည်။
အမေရိကန် ဇီဝဆေးကုမ္ပဏီ Moderna က တောင်အာဖရိက မျိုးကွဲသစ်အတွက် အထူးထုတ်လုပ်ထားသည့် ၎င်း၏ ကာကွယ်ဆေး စမ်းသပ်မှုကို မတ်လလယ်ပိုင်းတွင် စတင်လုပ်ဆောင်သွားမည်ဟု လွန်ခဲ့သည့် သီတင်းပတ်၌ ထုတ်ပြန်ခဲ့သည်။
Pfizer/BioNTech နှင့် Moderna တို့၏ ကာကွယ်ဆေးများသည် ပဋိပစ္စည်းထုတ်လုပ်မှု တိုးမြှင့်ရန် mRNA နည်းပညာကို အသုံးပြုပြီး မကြာသေးမီက စမ်းသပ်တွေ့ရှိချက်များအရ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စွာ ထုတ်လုပ်ပေးနိုင်သည်ဟု ထိပ်သီးအစိုးရအကြံပေးဖြစ်သည့် ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ဆေးပညာရှင် ဆာလင်းမ်အက်ဘ်ဒေါကာရင်းက ရှင်းလင်း ပြောကြားခဲ့သည်။














