ဆန္ဒပြပွဲသတင်းယူရင်း ဖမ်းဆီးခံရသည့် ရန်ကုန်မြို့ရှိ သတင်းထောက်ခြောက်ဦး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရ

ဆန္ဒပြပွဲသတင်းယူရင်း ဖမ်းဆီးခံရသည့် ရန်ကုန်မြို့ရှိ သတင်းထောက်ခြောက်ဦး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရ
Published 2 March 2021

ဖေဖော်ဝါရီ ၂၇ ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြပွဲသတင်းယူရင်း ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက် ခုနစ်ဦးရှိသည့်အနက် ခြောက်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ပြီးတစ်ဦး ပြန်လည်လွတ်မြောက်ခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအချို့ ပြောကြားချက်အရ သိရသည်။

မြေနီကုန်းနှင့် လှည်းတန်း အပါအဝင် မြို့နယ်အချို့ရှိ ဆန္ဒပြပွဲများတွင် သတင်းယူနေသည့် မြန်မာနောင်းသတင်းဌာနမှ သတင်းထောက် မကေဇွန်နွေး၊ ဆဲဗင်းဒေး သတင်းဌာနမှ သတင်းထောက် အောင်ရဲကို၊ MPA ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်၊ အေပီသတင်းဌာနမှ သတင်းထောက် ကိုသိန်းဇော်၊ ဇီးကွက်သတင်းဌာနမှ သတင်းထောက် ကိုဟိန်းပြည့်ဇော်နှင့် အလွတ်တန်းသတင်းထောက် ကိုဗညားဦးတို့မှာ အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး မတ် ၂ ရက်အထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ သတင်းထောက်များထဲမှ မြန်မာနောင်း၊ ဆဲဗင်းဒေးနှင့် အလွတ်တန်း သတင်းထောက် ကိုဗညားဦးတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုုထားကြောင်း အဆိုပါ သတင်းထောက် သုံးဦးအတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်နီလာခိုင်က ပြောကြားသည်။

“ အထဲက (အင်းစိန်) ထောင် တာဝန်ခံဆီက တရားဝင် သိရတာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်နီလာခိုင်က ပြောကြားသည်။

ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရသူအချို့ကို ခံဝန်ထိုးစေကာ ဖမ်းဆီးခံရပြီး နောက်နေ့တွင် ပြန်လည် လွှတ်ပေးမှုများ ရှိသော်လည်း ၂၄ နာရီထက် ကျော်လွန် ဖမ်းဆီးခံရသူအချို့၏ အခြေအနေနှင့်ပတ်သက်၍ ထောင်တာ ဝန်ခံကို စာတင်မေးမြန်းခဲ့ပြီး ထောင်တာဝန်ခံဆီမှ ပြန်လည်သိရှိမှုအရ ဖမ်းဆီးခံထားရသည့် သတင်းထောက်များနှင့် ဆန္ဒပြ ပြည်သူအချို့ကို ပုဒ်မတပ် တရားစွဲဆိုထားသည့်  အခြေအနေအားသိရှိခြင်းဖြစ်ကြောင်း ဒေါ်နီလာခိုင်က ရှင်းပြသည်။

“သတင်းထောက် မဟုတ်တဲ့ ပြည်သူထဲက ဖမ်းခံထားရတဲ့သူတွေကိုလည်း ၅၀၅ (က) ပဲ တပ်ထားပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်နီလာခိုင်က ပြောကြားသည်။

အလားတူ MPA ၊ အေပီနှင့် ဇီးကွက် သတင်းဌာနများမှ သတင်းထောက် သုံးဦးလည်း နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံရကြောင်းသိရပြီး ဓာတ်ပုံသတင်းထောက် မရှင်မိုးမြင့်မှာ ပြန်လည်လွတ်မြောက်ခဲ့သည်ဟု သိရသည်။

မရှင်မိုးမြင့် ပြန်လည်လွတ်မြောက်မှုနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တရားစွဲဆိုခံရသည့် သတင်းထောက်များကို လက်ရှိ ဖြစ်ပွားလျက်ရှိသည့် ဆန္ဒပြပွဲများကြောင့် ဗီဒီယိုအွန်လိုင်းစနစ်ဖြင့် ရီမန်ယူခဲ့ကြောင်း ရှေ့နေအချို့ ပြောကြားချက်အရ သိရသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) တွင် ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေတပ် တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအားစစ်ပုန်ကန်ခြင်းကို လည်းကောင်း၊ သက်ဆိုင်ရာမိမိ၏ တာဝန်ဝတ္တရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော်လည်းကောင်း ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ပြုစေရန်တန်ရာသည့် အကြောင်းရှိလျှင် ထိုသူကိုထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည့် ပုဒ်မတစ်ခုဖြစ်သည်။

Most Read

Most Recent