အာမခံဖြင့် အချုပ်လွတ်အမှုရင်ဆိုင်ခွင့်ရရေးအတွက် ဟောင်ကောင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ တရားခွင်သို့ လာရောက်

အာမခံဖြင့် အချုပ်လွတ်အမှုရင်ဆိုင်ခွင့်ရရေးအတွက် ဟောင်ကောင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ တရားခွင်သို့ လာရောက်
တရားစွဲခံထားရသော ဟောင်ကောင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဂျိုရွှာဝေါင်(လယ်) ကို Lai Chi Kok အကျဉ်းထောင်သို့ ခေါ်ဆောင်နေပုံကို မတ် ၂ ရက်၌ တွေ့ရစဉ်(Photo:AFP)
တရားစွဲခံထားရသော ဟောင်ကောင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဂျိုရွှာဝေါင်(လယ်) ကို Lai Chi Kok အကျဉ်းထောင်သို့ ခေါ်ဆောင်နေပုံကို မတ် ၂ ရက်၌ တွေ့ရစဉ်(Photo:AFP)
Published 2 March 2021
Ref: AFP

အဖျက်အမှောင့်လုပ်မှုဖြင့် တရားစွဲဆိုခံထားရသော ဟောင်ကောင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများသည် အာမခံဖြင့် အချုပ်လွတ် အမှုရင်ဆိုင်ခွင့်ရရေးကို အပြီးသတ် ဆောင်ရွက်နိုင်ရန်အတွက် မတ် ၂ ရက်တွင် တရားခွင်သို့ လာရောက်ခဲ့ကြသည်။

ဟောင်ကောင်၌ ပြီးခဲ့သည့်နှစ်တွင် တရုတ်အစိုးရအဖွဲ့ပြဋ္ဌာန်းခဲ့သော အမျိုးသားလုံခြုံရေးဥပဒေကို အသုံးပြုလျက် ဟောင်ကောင်ရဲတပ်ဖွဲ့က အစိုးရနှင့် သဘောထားကွဲလွဲဆန့်ကျင်သည့် လူသိများထင်ရှားသူ ၄၇ ဦးကို အဖျက်အမှောင့်လုပ်ရန် ပူးပေါင်းကြံစည်မှုစွဲချက်ဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံရသူများတွင် ဒီမိုကရေစီ လိုလားသောလွှတ်တော်အမတ်များ၊ တက္ကသိုလ်ကျောင်းသားများ၊ ရှေ့နေများ၊ လူမှုရေးဝန်ထမ်းများ၊ လူငယ်တက်ကြွလှုပ်ရှားသူများ ပါဝင်သည်။

တရားစွဲဆိုခံရပြီးနောက် အာမခံဖြင့် အချုပ်လွတ် တရားရင်ဆိုင်နိုင်ရေးအတွက် ကြားနာမှုကို မတ် ၁ ရက်က လုပ်ဆောင်ချိန်၌ တရားရုံးအပြင်ဘက်တွင် ဒီမိုကရေစီလိုလားသူ ရာနှင့်ချီ စုဝေးခဲ့ကြပြီး ဒီမိုကရေစီနှင့် သက်ဆိုင်သော ကြွေးကြော်စာများကို ဟစ်ကြွေးခဲ့ကြသည်။

ပုံမှန်အားဖြင့် အချုပ်လွတ် တရားရင်ဆိုင်နိုင်ရေးအတွက် ကြားနာမှုသည် နာရီပေါင်းများစွာ ကြာမြင့်လေ့ရှိသော်လည်း အကြမ်းမဖက်သော ပြစ်မှုများအတွက် အာမခံပေးခြင်းကို ပယ်ဖျက်ထားသော အမျိုးသားလုံခြုံရေးဥပဒေ၏ တရားနည်းလမ်းမကျသော အချက်များကြောင့်သော်လည်းကောင်း၊ များပြားသောအမှုများကို ကိုင်တွယ်နိုင်ရန် ကြိုးပမ်းနေခြင်းကြောင့် သော်လည်းကောင်း တရားခွင်၌ ကြားနာမှုသည် ၁၅ နာရီခန့် ကြာမြင့်ခဲ့သည်။

တရားရင်ဆိုနေသူများဘက်က အာမခံလျှောက်ထားရန်ကြိုးပမ်းခဲ့ချိန်တွင် တရားလိုဘက်က လာမည့်သုံးလအတွင်း ပြုလုပ်မည့် ကြားနာစစ်ဆေးမှုမတိုင်မီ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းထားရန် တောင်းဆိုခဲ့သည်။

တရားခွင်အတွင်း နာရီပေါင်းများစွာကြာ အငြင်းအခုံဖြစ်ပွားခဲ့ပြီးနောက် တရားရင်ဆိုင်နေရသူ ကလဲစီယွန် သတိလစ်မေ့မြောသွားခဲ့ခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး နောက်ထပ်တရားခံသုံးဦးကိုလည်း လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် မတ် ၂ ရက်နံနက်ပိုင်းတွင် ကြားနာမှုကို ရက် ရွှေ့ဆိုင်းသည့် ကြေညာချက် ထွက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကြားနာစစ်ဆေးမှု ရက်ရွှေ့ဆိုင်းကြောင်း ကြေညာချက်ကို ထုတ်ပြန်ရာတွင် တရားရုံး၌ တရားရင်ဆိုင်နေရသူ ၄၇ ဦး၏ ထက်ဝက်ခန့်သာ ကျန်ရှိနေသည်။

ကလဲစီယွန်က ၎င်းသည် ၁၂ နာရီကြာသည်အထိ အစားမစားရသောကြောင့် သတိလစ်ခဲ့ခြင်းဖြစ်ကြောင်း မတ် ၂ ရက်တွင် Facebook ၌ ရေးသားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ဟောင်ကောင်၌ ဒီမိုကရေစီလိုလားသောဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်အစိုးရက ၎င်းနှင့် သဘောထားကွဲလွဲသူများကို ချေမှုန်းရန် ကြိုးပမ်းခဲ့သည်။

Most Read

Most Recent