အမေရိကန်က J & J ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြန့်ချိရန် စီစဉ်နေစဉ် ကမ္ဘာတစ်ဝန်းတွင် COVAX အစီအစဉ်မှ ကာကွယ်ဆေးကို ဂါနာသမ္မတ ပထမဆုံးထိုးနှံ

အမေရိကန်က J & J ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြန့်ချိရန် စီစဉ်နေစဉ် ကမ္ဘာတစ်ဝန်းတွင် COVAX အစီအစဉ်မှ ကာကွယ်ဆေးကို ဂါနာသမ္မတ ပထမဆုံးထိုးနှံ
ဖေဖော်ဝါရီ ၂၄ ရက်၌ ဂါနာနိုင်ငံ ကိုတိုကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် COVAX အစီအစဉ်မှ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ ရောက်ရှိလာပုံကို တွေ့ရစဉ်(Photo:AP)
ဖေဖော်ဝါရီ ၂၄ ရက်၌ ဂါနာနိုင်ငံ ကိုတိုကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် COVAX အစီအစဉ်မှ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ ရောက်ရှိလာပုံကို တွေ့ရစဉ်(Photo:AP)
Published 2 March 2021
Ref: AFP

အမေရိကန်ကျန်းမာရေးဝန်ထမ်းများက Johnson & Johnson ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အလုံးရေ လေးသန်းနီးပါးကို ဖြန့်ချိရန် ပြင်ဆင်နေချိန်တွင်ဂါနာသမ္မတ နာနာအကူဖို အက်ဒိုသည် မတ် ၁ ရက်၌ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အညီအမျှ ရရှိရေး အစီအစဉ် COVAX မှ ဗိုင်းရပ်စ်ကာကွယ်ဆေးကို ပထမဆုံးထိုးနှံသူ ဖြစ်လာခဲ့သည်။

ဆင်းရဲချို့တဲ့သော နိုင်ငံများ ကာကွယ်ဆေး ရရှိရေး COVAX အစီအစဉ်အရ ယခုနှစ်ကုန်တွင် ကာကွယ်ဆေးအလုံးရေ နှစ်ဘီလျံထက်မနည်း ဖြန့်ချိပေးပို့ရန် ရည်ရွယ်ထားသည်။

အကူဖို အက်ဒိုသည် ၎င်း၏ဇနီးဖြစ်သူနှင့်အတူ AstraZeneca ၏ ကာကွယ်ဆေးထိုးနှံမှုကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်စဉ် အိမ်နီးချင်း အိုင်ဗရီကိုစ့်နိုင်ငံတွင်လည်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူကနိုင်ငံ၏ ပထမဆုံး ကာကွယ်ဆေးထိုးနှံသူဖြစ်လာခဲ့ပြီး ယင်းကာကွယ်ဆေးသည်လည်း COVAX ဖြန့်ချိမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

အိုင်ဗရီကိုစ့်သည် COVAX မှ ကာကွယ်ဆေးအလုံးရေ ၅၀၄,၀၀၀ ရရှိခဲ့ပြီး ဂါနာနိုင်ငံသည်လည်း ယင်းအစီအစဉ်မှ ကာကွယ်ဆေးအလုံးရေ ၆၀၀,၀၀၀ ရရှိခဲ့ကာ ယခုသီတင်းပတ်အတွင်း ကာကွယ်ဆေးထိုးနှံမှု အစီအစဉ် စတင်လုပ်ဆောင်သွားမည်ဖြစ်သည်။

“ ဒီကာကွယ်ဆေးကို ဘေးကင်းစွာထိုးနှံနိုင်တယ်ဆိုတာကို ကျွန်တော် ပထမဆုံးထိုးနှံခံပြီး သက်သေပြသွားမှာပါ။ အဲ့ဒါကြောင့် ဂါနာနိုင်ငံသားအားလုံးလည်း ဒီကာကွယ်ဆေးကိုစိတ်ချစွာ ထိုုးနှံနိုင်ပါတယ်” ဟု အကူ ဖိုအက်ဒိုက ပြောကြားခဲ့သည်။

ကိုလံဘီယာနိုင်ငံသည်လည်း COVAX အစီအစဉ်မှ ကာကွယ်ဆေးရရှိသည့် ပထမဆုံး အမေရိကနိုင်ငံ ဖြစ်လာခဲ့ပြီး သမ္မတ အိုင်ဗန်ဒူးကပ်က ယင်းဖြစ်စဉ်အား အလွန်အရေးကြီးသည့် သမိုင်းမှတ်တိုင်တစ်ရပ်အဖြစ် ဂုဏ်ပြုပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရိုအာဒါနွန် ဂီဘရီယေဆုက COVAX အစီအစဉ်၏ တိုးတက်မှုအပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

“ ဝင်ငွေနိမ့်တဲ့ နိုင်ငံတွေက ကျန်းမာရေးဝန်ထမ်းတွေ ကာကွယ်ဆေးစတင်ထိုးနှံနိုင်တာကို မြင်တွေ့ရတာ အားတက်စေပါတယ်။ ဒါပေမဲ့ ချမ်းသာတဲ့နိုင်ငံတွေက သူတို့ရဲ့ကာကွယ်ဆေးထိုးနှံတဲ့အစီအစဉ် စတင်ပြီး သုံးလနီးပါးအကြာမှ ဒီလိုလုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်မိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီကလည်း မတ် ၁ ရက်၌ ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့သည်။

အမေရိကန်တွင်မူ ဆေးတစ်လုံးသာ ထိုးနှံရန်လိုအပ်သည့် Johnson & Johnson ၏ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် အတည်ပြုပေးခဲ့ပြီးနောက် ကာကွယ်ဆေး အလုံးရေ ၃.၉ သန်းကို ဖြန့်ချိရန် စီစဉ်လုပ်ဆောင်နေသည်။

ထို့ပြင် မတ် ၁ ရက်၌ ကာကွယ်ဆေး သတင်းကောင်းတစ်ရပ်အဖြစ် Pfizer နှင့် AstraZeneca တို့၏ ကာကွယ်ဆေးသည် သက်ကြီးရွယ်အိုများအား ဗိုင်းရပ်စ်ကြောင့် ပြင်းထန်ဖျားနာမှုမှ ထိရောက်မှု မြင့်မားစွာ ကာကွယ်ပေးနိုင်ပြီး ဆေးရုံတက်ရောက်နိုင်မှုမှ ၈၀ ရာခိုင်နှုန်းကျော် လျှော့ချပေးနိုင်ကြောင်း ဗြိတိန်နိုင်ငံတွင် ပြုလုပ်သည့် လေ့လာမှုတစ်ရပ်တွင် တွေ့ရှိခဲ့သည်။

Most Read

Most Recent