အမေရိကန်-တရုတ်ဆက်ဆံရေးတွင် အကြီးမားဆုံးစမ်းသပ်ချက် ဖြစ်လာသည့် ထိုင်ဝမ်

အမေရိကန်-တရုတ်ဆက်ဆံရေးတွင် အကြီးမားဆုံးစမ်းသပ်ချက် ဖြစ်လာသည့် ထိုင်ဝမ်
Published 28 February 2021
Ref:CNA

ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ အရှေ့အာရှ၏ ရေကြောင်းတွင် တရုတ်လေယာဉ်တင်သင်္ဘောတစ်စီးနှင့် အမေရိကန်စစ်သင်္ဘောများ ဖြတ်သန်းသွားလာမှုများသည် မကြာသေးမီသီတင်းပတ်များအတွင်း တင်းမာမှုများကို ပိုမိုမြင့်တက်လာကြောင်းတွေ့မြင်နိုင်ပေသည်။

တစ်ပြိုင်တည်း၌ တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့်ရေကြောင်းအခွင့်အရေးကို ထိန်းသိမ်းကာကွယ်မှုဟူသည့်အမည်ဖြင့် ပေကျင်းသည် တရုတ်ရေပိုင်နက်အတွင်းသို့ ဖြတ်ကျော်လာသောပြည်ပသင်္ဘောများအားစုံစမ်းထောက်လှမ်း၍ ပစ်ခတ်နိုင်သည့်အမိန့်အား တရုတ်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့များအားပေးအပ်သည့် ဥပဒေတစ်ရပ်ထုတ်ပြန်ခဲ့သည်။

ယင်းဥပဒေသစ်တွင် တရုတ်ပိုင်ကျောက်တန်းများပေါ်တွင် တည်ဆောက်ထားသော အခြားနိုင်ငံများ၏ အဆောက်အအုံများကို ဖျက်စီးခွင့်ပြုထားသည့်အပြင် မလိုလားအပ်သည့် ပြည်ပသင်္ဘောများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်ကန့်သတ်နယ်မြေများကို ပြုလုပ်ထားရန်ပါရှိသည်။

ယင်းဥပဒေသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အတွက် တရုတ်သမ္မတရှီကျင်းပင်၏ ကနဦးစမ်းသပ် ချက်များဖြစ်သည်။

အမေရိကန်သည် ထိုင်ဝမ်နှင့် နိုင်ငံရေးအရ ဆက်သွယ်မှုများတိုးမြှင့်လုပ်ဆောင်ခဲ့သည့်အပြင် မကြာသေးမီလများအတွင်းထိုင်ဝမ်အား လက်နက်များရောင်းချခြင်းများအပေါ် ဒေါသထွက်သည့်အရိပ်အယောင်အဖြစ် တရုတ်သည်ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ်နှင့် ဗုံးကြဲလေယာဉ်များသည် ထိုင်ဝမ်လေပိုက်နက်တွင် ပျံသန်းခဲ့သည်။

ဇန်နဝါရီလတွင်ပြုလုပ်ခဲ့သည့် စစ်ရေးပြမှုများသည် ပြည်ပတပ်ဖွဲ့များအား သတိပေးခြင်းဖြစ်ပြီး ပြည်ပဝင်ရောက်စွက်ဖက်မှုများမှ နိုင်ငံ့အချုပ်အခြာနှင့် နယ်မြေ၏ဂုဏ်သိက္ခာကို ကာကွယ်ရန်လိုအပ်ကြောင်း ပြသခဲ့ခြင်းဖြစ်သည်ဟု တရုတ်အစိုးရက ထုတ်ပြန်ခဲ့သည်။

အမေရိကန်ကလည်း ထိုင်ဝမ်ရေလက်ကြားတွင် USS John Mc-Cain ဖျက်သင်္ဘော ဖြတ်သန်းခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်၌ တရုတ်ထိပ်သီး သံတမန်ယန်ဂျီချီက အမေရိကန် နိုင်ငံခြားရေးဌာနမှ အန်တိုနီဘလင်ကင်အား အမေရိကန်အနေဖြင့် တရုတ်နှင့် ထိပ်တိုက်တွေ့ဆုံရန်မကြိုးပမ်းသင့်ကြောင်း အမေရိကန်နှင့်တရုတ်ဆက်ဆံရေးတွင် ထိုင်ဝမ်သည် အဓိကအရေးကြီးဆုံးအထိခိုက်မခံသည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်က အမေရိကန်လေယာဉ်တင်သင်္ဘော USS Theodore Roosevelt နှင့် USS Nimitz တို့သည်တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုအသွင်ကဲ့သို့ ပြသခဲ့ပြီးယင်းအပြုအမူသည် အမေရိကန်အနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် ဒေသတွင်း မဟာမိတ်များဘက်မှာ အခိုင်အမာ ရပ်တည်သွားမည်ဖြစ်ကြောင်းပြသခဲ့သည်။

အမေရိကန်အနေဖြင့် ထိုင်ဝမ်အား သင်္ဘောဖျက်ဒုံးများ၊ ပဲ့ထိန်းဒုံးများ၊ ရေတပ်ကာကွယ်ရေးမိုင်းများ နှင့်တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးစနစ်များထောက်ပံ့ပေးသင့်သည်။

ထို့ပြင် ထိုင်ဝမ်အနေဖြင့် ၎င်း၏အဆင့်မြင့်ကာကွယ်ရေးစွမ်းဆောင်ချက်များကို လေ့ကျင့်မှုအကူအညီများမှ ရယူလိမ့်မည်ဖြစ်သည်။

အမေရိကန်သည် ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေအောက်၌ ၎င်း၏တာဝန်ဝတ္တရားများနှင့်အညီ ထိုင်ဝမ်ကို လက်နက်များရောင်းချရေးမူဝါဒကို ဆက်လက်လုပ်ဆောင်သင့်သည်ဟု Defense of Democracies ဖောင်ဒေးရှင်းတွင်ဖော်ပြခဲ့ သည်။

အမေရိကန်သည် အရှေ့နှင့် တောင်တရုတ်ပင်လယ်အပါအဝင် အငြင်းပွားဖွယ်နေရာများတွင်တရုတ်နှင့် ထိပ်တိုက်တွေ့ဆုံရန်အခြေအနေများ ဆက်လက်ဖြစ်ပွားနိုင်စဉ်  ထိုင်ဝမ်သို့ အမေရိကန်သံတမန်တစ်ဦး၏ ခရီးစဉ်တွင် တရုတ်၏ ဟောင်ကောင်၊ ဝီဂါနှင့် ခရစ်ယာန်တို့အပေါ် ဆက်ဆံမှုများအပေါ်ဝေဖန်မှုများသည် ရှုပ်ထွေးသည့်အမေရိကန်- တရုတ်ဆက်ဆံရေးအတွက်  အချည်းနှီးသာဖြစ်သည်။

ဘိုင်ဒင်အစိုးရသည် ယဉ်ကျေးမှု၊ ပညာရေး၊ နည်းပညာ၊သိပ္ပံနှင့် စီးပွားရေးပိုင်းဆိုင်ရာတို့တွင် ထိုင်ဝမ်နှင့် ပူးပေါင်းလုပ်ဆောင်သင့်သည်။

ထို့ပြင် ရှီကျင်းပင်အနေဖြင့် ထိုင်ဝမ်၏ ရွေးကောက်ခံခေါင်းဆောင်များနှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ပြီး ထိုင်ဝမ်အပေါ် ဖိအားပေးလုပ်ဆောင်မှုများကို ရပ်တန့်ရန် ဘိုင်ဒင်အစိုးရအဖွဲ့ကတိုက် တွန်းပြောကြားရန်လိုအပ်ပေသည်။

Most Read

Most Recent