ဖေဖော်ဝါရီလ ရက်သတ္တပတ်များအတွင်း မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် COVID-19 ရောဂါကူးစက်ခံရသူ လူနာသစ်တွေ့ရှိမှု ၁၃ ရာခိုင်နှုန်းခန့်ကျဆင်း

ဖေဖော်ဝါရီလ ရက်သတ္တပတ်များအတွင်း မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် COVID-19 ရောဂါကူးစက်ခံရသူ လူနာသစ်တွေ့ရှိမှု ၁၃ ရာခိုင်နှုန်းခန့်ကျဆင်း
COVID-19 ပိုးတွေ့လူနာများအနက် ရောဂါပြင်းထန်၍ ICU ၌ ကြပ်မတ်ကုသခဲ့ရသည့် လူနာများကို တွေ့ရစဉ်
COVID-19 ပိုးတွေ့လူနာများအနက် ရောဂါပြင်းထန်၍ ICU ၌ ကြပ်မတ်ကုသခဲ့ရသည့် လူနာများကို တွေ့ရစဉ်
Published 26 February 2021

ဖေဖော်ဝါရီလ ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် COVID-19 ရောဂါ ကူးစက်ခံရသူ လူနာသစ်တွေ့ရှိမှု ၁၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ပြန်သည့် အပတ်စဉ်စာရင်းဇယားတွင် ဖော်ပြထားချက်အရ သိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကူးစက်ခံရသူ အရေအတွက်သည် ၁၆ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ၂ ဒသမ ၇ သန်းရှိခဲ့ကြောင်းနှင့် သီတင်းပတ်တစ်ပတ်ချင်းအလိုက် သေဆုံးသူ နှုန်းမှာလည်း ၁၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ပြီး ၈၁,၀၀၀ ရှိခဲ့သည်ဟု သိရသည်။

WHO ၏ ကမ္ဘာ့ဒေသတွင်း ခြောက်နေရာအနက် ငါးနေရာတွင် ရောဂါကူးစက်မှုနှုန်း ရာခိုင်နှုန်းဆယ်ဂဏန်းသို့ ကျဆင်းခဲ့ပြီး အရှေ့မြေထဲပင်လယ်ဒေသ တစ်ခုတည်းသာ ခုနစ်ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က အာဖရိကနှင့် အနောက်ပစိဖိတ်တွင် ရောဂါကူးစက်ခံရသူသစ်ရာခိုင်နှုန်း ၂၀၊ ဥရောပတွင် ၁၈ ရာခိုင်နှုန်း၊ အမေရိကတွင် ၁၆ ရာခိုင်နှုန်းနှင့် အရှေ့တောင်အာရှတွင် ၁၃ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်းနှင့် ယင်းသို့ ရောဂါကူးစက်ခံရသူသစ် ကျဆင်းမှုသည် သီတင်းငါးပတ် ဆက်တိုက်ကျဆင်းမှုဖြစ်ပြီး ဇန်နဝါရီ ၄ ရက်က သီတင်းတစ်ပတ်အတွင်း ရောဂါကူးစက်ခံရသူအသစ် ငါးသန်းကျော်ရှိမှုနှင့် နှိုင်းယှဉ်ပါက ထက်ဝက်နီးပါး လျော့ကျသွားခြင်းဖြစ်သည်ဟု WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုအက်ဟာနွန်ဂေဘရီယေဆုက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားထားသည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအနှံ့တွင် ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုကျဆင်းလာပြီး ရောဂါဖြစ်ပွားသူ ၁၁၁ သန်းကျော်နှင့် သေဆုံးသူ ၂၄ သိန်းကျော်ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့်အချက်အလက်အရ သိရသည်။

ကမ္ဘာပေါ်တွင် COVID-19 ရောဂါစတင်ဖြစ်ပွားစဉ်မှ ဖေဖော်ဝါရီ ၂၁ ရက်အထိ ရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံစာရင်း၌ အမေရိကန်က ပိုးတွေ့လူနာ ၂၈၀၀၀၀၀၀ ကျော်ဖြင့် ပထမနေရာ၌ရှိနေပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံမှာမူ ပိုးတွေ့လူနာ ၁၀၉၀၀၀၀၀ ကျော်ဖြင့် ဒုတိယနေရာ၌ရှိနေကြောင်း သိရသည်။

အာဆီယံနိုင်ငံများ၌ ရောဂါဖြစ်ပွားမှုတွင် အင်ဒိုနီးရှားနိုင်ငံ၌ ၁၂၀၀၀၀၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံတွင် ၅၅၀၀၀၀ ကျော်၊ မလေးရှားနိုင်ငံတွင် ၂၈၀၀၀၀ ကျော်၊ မြန်မာနိုင်ငံတွင် ၁၄၀၀၀၀ ကျော်၊ စင်ကာပူနိုင်ငံတွင် ၅၉၀၀၀ ကျော်၊ ထိုင်းနိုင်ငံတွင် ၂၅၀၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံတွင် ၂၃၀၀ ကျော်၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၄၈၀ ကျော်၊ ဘရူနိုင်းနိုင်ငံတွင် ၁၈၀ ကျော်၊ လာအိုနိုင်ငံတွင် ၄၅ ဦးရှိကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း နေ့အလိုက်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ကျဆင်းမှုနှင့်အတူ လွန်ခဲ့သည့်လက ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ထက်ဝက်နီးပါးလျော့ကျခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာန၏ အချက်အလက်စစ်တမ်းတွင် ဖော်ပြထားသည်။   

လွန်ခဲ့သည့်လက ကမ္ဘာတစ်ဝန်းတွင်နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်နှုန်း ၄၄ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ကပ်ရောဂါစတင် ကူးစက်ပျံ့နှံ့ချိန်ကတည်းက ကူးစက်မှုနှုန်းအများဆုံးကျဆင်းမှုဖြစ်ကြောင်း၊ လွန်ခဲ့သည့်လက ကူးစက်ခံရသူဦးရေ ဆက်တိုက်ကျဆင်းခဲ့ကာ နေ့အလိုက်ကူးစက်ခံရသူ ပျမ်းမျှစံချိန်တင် ၄၁၂,၇၀၀ ရှိခဲ့ပြီး ဇန်နဝါရီ ၅ ရက်မှ ၁၁ ရက်အတွင်း နေ့အလိုက် ကူးစက်ခံရသူ စံချိန်တင် ၇၄၃,၀၀၀ ရှိခဲ့ပြီး ယခု ကူးစက်ခံရသူအသစ်ဦးရေသည် အောက်တိုဘာလနောက်ပိုင်း အနိမ့်ဆုံးအဆင့်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent