နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး
Published 6 February 2021

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schraner Burgener တို့ Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရွေးကောက်ပွဲ အကြိုကာလ အခြေအနေ၊ ရွေးကောက်ပွဲပြီးစီးသည့် နောက်ပိုင်းအခြေအနေနှင့် အရေး ပေါ်ကာလ ကြေညာပြီးနောက်ပိုင်း အခြေအနေ အသေးစိတ်အား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းချက်၊ UEC ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တည်ဆဲပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်မှု၊ သတင်းထုတ်ပြန်မှု၊ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့မှု၊ UEC ထံသို့ (၁၀ ဒသမ၄)သန်းကျော် မဲစာရင်းထပ်နေမှုအား ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးနိုင်ရေး တင်ပြမှုနှင့် UEC မှ တုန့်ပြန်မှုတို့ကိုလည်းကောင်း၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အတွင်း လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူကျင်းပခွင့်ကို လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမှ လက်မှတ်ရေးထိုး တင်ပြသော်လည်း လွှတ်တော်နာယကမှ ပယ်ချမှု အခြေအနေကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်အဆင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ခေါ်ယူခွင့် တင်ပြချက်ပေါ်တွင်လည်း သမ္မတရုံးမှပယ်ချမှု အခြေအနေကို လည်းကောင်း၊ တတိယအကြိမ် လွှတ်တော်အစည်းအဝေး ခေါ်ယူရန် ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း စသည်ဖြင့် တပ်မတော်မှ အဆင့်ဆင့် တင်ပြခြင်း၊ အသိပေးခြင်း၊ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့သည့် အခြေအနေများကို အသေးစိတ် ဆွေးနွေးပြီး မရှင်းလင်းသည့်အချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ခုနှစ် နှင့် အညီ ဆောင်ရွက်ခဲ့မှု၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းမှု၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အသီးသီး ဖွဲ့စည်းထားမှု အခြေအနေများကို ဆက်လက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က သိရှိလိုသည်များနှင့် မရှင်းလင်းသည့် အချက်များ ပြန်လည်ဆွေးနွေးမှုများအပေါ် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြီးနောက် ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ထံသို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သဘောထားထုတ်ပြန်ချက်၊ သတင်းစာရှင်းလင်းပွဲနှင့် အပြန်အလှန် ဆွေးနွေးချက်တို့အား Softcopy ဖြင့် ဆက်လက်ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent