ဧရာဝတီတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်အချို့ ပြန်လည် လွတ်မြောက်လာ

ဧရာဝတီတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်အချို့ ပြန်လည် လွတ်မြောက်လာ
Published 1 February 2021
အောင်ကျော်မျိုး

တပ်မတော်မှ ထိန်းသိမ်းခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

ကွင်းကောက် တပ်မတော်တန်းမြှင့်လေ့ကျင့်ရေး သင်တန်းကျောင်းသို့ ခေါ်ဆောင်သွားခြင်း ခံရပြီးနောက် လွတ်မြောက်လာသူ လွှတ်တော်ကိုယ်စားလှယ် လေးဦးရှိပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှာမူ ကျန်ရှိနေသေးကြောင်း သိရသည်။

“ဒို့နဲ့အတူတူ လွတ်တာက လေးမျက်နှာက တစ်ယောက်ရယ်၊ ဇလွန်က နှစ်ယောက်ရယ်၊ ကြံခင်းက တစ်ယောက်ရယ် ဆိုတော့ လေးယောက်ပေါ့။ ဘယ်နေရာက ပြန်လွတ်လည်းဆိုတော့ ကွင်းကောက် လေ့ကျင့်ရေး (၆) ကပါ။ ညနေ ၄ နာရီလောက်က ပြန်လွတ်တာပါ။ မနက်က လာခေါ်တော့ (၅၁) တပ်က ရဲဘော်တွေ လာခေါ်တာ။ ရုံးမှာ လာခေါ်သွားတာ။ ငါ့ကို ခေါ်သွားတော့ (၅၁) မှာက ငါတစ်ယောက်တည်းပဲ။ ဒို့ကြံခင်းက မအိကတော့ အိမ်ဖွင့်မပေးတဲ့အတွက် သူကတော့ ပါမလာဘူး။ ကျန်တဲ့ ကိုယ်စားလှယ်တွေက ကိုယ်နဲ့နီးစပ်တဲ့ တပ်ရင်းတွေမှာ ခေါ်ထားရင်း နောက်မှ ကွင်းကောက်က လေ့ကျင့်ရေးတပ်ကို အကုန်လုံး စုခေါ်တာ။ ပုသိမ် မရောက်ကြသေးဘူး။ အိမ်တွေကနေခေါ်တာ။ ငါလည်းရောက်ပြီးရော ခဏပဲကြာတယ်။ ကြေညာချက်တွေနဲ့ ပတ်သက်လို့ ရှင်းပြပြီး အိမ်တိုင်ရာရောက် လိုက်ပို့ပြီး ပြန်လွှတ်လိုက်တာပဲ။ ကွင်းကောက်မှာ ဆုံတာက ဦးအောင်ကျော်ခိုင် (လွှတ်တော်ဥက္ကဋ္ဌ) ရယ်၊ ဇလွန်က ဦးသက်ဝေရယ်၊ ဒေါ်နီနီပြုံးရယ်၊ လေးမျက်နှာက ဦးလှဝင်းရယ်၊ ကြံခင်းက ငါရယ်ပေ့ါ။  ပြန်လွတ်တာ လေးယောက်ပေါ့။ ဒို့ပြန်လွတ်တဲ့အချိန်မှာ ကျန်နေတာကတော့ ဦးအောင်ကျော်ခိုင် ကျန်နေတယ်။ ဒို့ကို ပြောလိုက်တာကတော့ သူလည်း ခဏပါတဲ့။ ခဏကြာရင် သူ့ကိုလည်း ပြန်လွှတ်မှာပါတဲ့။ ပြန်ပို့မှာပါတဲ့ အဲလိုပြောတယ်။ တပ်ကပြောတာ”ဟု ကြံခင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌလည်းဖြစ် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးစိုးမြင့်က ဖြေကြားသည်။

“ဘယ်လိုမှ ထွေထွေထူးထူး မှာကြားတာတော့ မရှိဘူး။ တပ်မတော်က အာဏာကို လွှဲပြောင်းရယူ ထားတယ်ဆိုတဲ့ အကြောင်းပဲပြောတယ်။ ပြန်ပို့တဲ့အချိန်မှာလည်း ရောက်အောင် လိုက်ပို့တာပဲရှိတယ်။ ကန့်သတ်ချက် ဘာမှမပါဘူး”ဟု ပြန်လည် လွတ်မြောက်လာသည့် ကြံခင်းမြို့နယ်မှ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်က ဆက်လက် ဖြေကြားသည်။

အခြားနေရာများ၌ ထိန်းသိမ်းခံထားရသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်လွတ်မြောက်ခြင်း ရှိ၊ မရှိကို သိရှိနိုင်ရန် Eleven Media Group မှ စုံစမ်းနေဆဲဖြစ်ပြီး အချို့လွှတ်တော်ကိုုယ်စားလှယ်များမှာမူ အထိန်းသိမ်းမခံဘဲ တိမ်းရှောင်နေကြောင်း သိရသည်။