မဲစာရင်းမိတ္တူကူးယူခွင့်မှာ ရွေးကောက်ပွဲမကျင်းပမီ မဲဆန္ဒရှင်များ မကျန်ရှိစေရေး စစ်ဆေးမှုပြုလုပ်နိုင်ရန်အတွက်ဖြစ်ပြီး ရွေးကောက်ပွဲပြီးနောက် မဲရုံးမှူးချိပ်ပိတ်သည့် အထုပ်ထဲတွင်ရှိနေ၍ လျှို့ဝှက်စွာထိိန်းသိမ်းရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။
ဇန်နဝါရီ ၂၂ ရက် ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဦးမြင့်နိုင် (ခ) မောင်စာဂ ရေးသားသည့် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲစာရွက်စာတမ်းများဆောင်းပါးတွင် အထက်ပါအတိုင်း ရေးသားထားခြင်းဖြစ်သည်။
လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲတွင် အသုံးပြုသည့်ပုံစံစာရွက် စာတမ်းများအနက် မဲစာရင်းနှင့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း နှစ်မျိုးကိုသာ မိတ္တူကူးယူခွင့်ပြုထားပြီး ကျန်ပုံစံစာရွက်စာတမ်းများကို ကူးယူခွင့်ပြုမထားကြောင်း ဦးမြင့်နိုင်က ဆိုသည်။
“ရွေးကောက်ပွဲပြီးစီးသည့်အခါတွင် ယင်းရွေးကောက်ပွဲစာရွက်စာတမ်းများ၊ ပုံစံမှတ်တမ်းများသည် အရေးကြီးသော စာရွက်စာတမ်းများဖြစ်ခြင်း၊ သက်ဆိုင်ရာပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်အလက်များ ပါရှိနေခြင်းတို့ကြောင့် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကိုကာကွယ်သည့်အနေဖြင့် လျှို့ဝှက်အဆင့်သတ်မှတ်ကာ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါပြဋ္ဌာန်းချက်များနှင့်အညီ ပေါက်ကြားမှုမရှိစေရေး စနစ်တကျလုံခြုံစွာ ထိန်းသိမ်းထားရှိရသည်” ဟု ဦးမြင့်နိုင်က ဆောင်းပါးတွင် ရေးသားဖော်ပြသည်။
ရွေးကောက်ပွဲကျင်းပပြီးနောက် ဖြစ်ပေါ်လာသည့် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ တင်သွင်းလာသည့် ရွေးကောက်ပွဲကန့် ကွက်လွှာများကို ရွေးကောက်ပွဲခုံအဖွဲ့များက စစ်ဆေးကြားနာမှုတွင် ကြည့်ရှုစစ်ဆေးရန် လိုအပ်မှသာ အဆိုပါထိန်းသိမ်းထားသော ရွေးကောက်ပွဲစာရွက်စာတမ်းများကို တောင်းယူကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်ရသည်ဟု ၎င်းက ဆိုသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းကွဲလွဲမှုများနှင့် မဲမသာမှုဖြစ်နိုင်သည့် မဲစာရင်းအချို့ တွေ့ရှိခြင်းကြောင့် မဲစာရင်းထုတ်ပြန်ပေးရန် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများထံ တောင်းဆိုမှုများရှိနေချိန်တွင် ကော်မရှင်အဖွဲ့ဝင်က နိုင်ငံပိုင်သတင်းစာတွင် အသိပေးရှင်းလင်းခြင်းဖြစ်သည်။
ရွေးကောက်ပွဲနည်းဥပဒေများတွင် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံမှူးများ၊ မဲဆန္ဒရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အသုံးပြုကြရသည့် ပုံစံ (၁) မှ (၂၀) အထိရှိသည်။
အဆိုပါ ပုံစံများအနက် ပုံစံ (၁)၊ ပုံစံ (၁ - က )၊ ပုံစံ (၁-၁)၊ ပုံစံ (၁-၂)၊ ပုံစံ (၁-၃)၊ ပုံစံ (၃)၊ ပုံစံ (၃-က) ၊ ပုံစံ (၃-ခ)၊ ပုံစံ (၄-က)၊ ပုံစံ (၄-ခ)၊ ပုံစံ (၄-ဂ)၊ ပုံစံ (၁၃)၊ ပုံစံ(၁၄)၊ ပုံစံ (၁၅) တို့သည် မဲဆန္ဒရှင်များနှင့် သက်ဆိုင်ပြီး ၎င်းတို့၏ကိုယ်ရေးအချက်အလက်များပါရှိကြောင်း၊ ပုံစံ (၁) နှင့် (၁-၂) တို့တွင် တပ်မတော်သားများနှင့် အတူနေမိသားစုများပါရှိသည်။ ပုံစံ (၆)၊ ပုံစံ (၆-က)၊ ပုံစံ (၇-က)၊ (၇-ခ)၊ ပုံစံ (၈)၊ ပုံစံ (၈-က)၊ ပုံစံ (၁၀)၊ ပုံစံ (၁၀-က) တို့သည် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်၊ မဲရုံကိုယ်စားလှယ်များနှင့်သက်ဆိုင်ကာ ယင်းပုံစံများတွင် ၎င်းတို့၏အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာများပါရှိကြောင်း ဦးမြင့်နိုင်ဆောင်းပါးအရ သိရသည်။
မဲရုံမှူးသည် ရွေးကောက်ပွဲပြီးစီး၍ မဲလက်မှတ်များ ရေတွက်ခြင်း၊ မဲရလဒ်များကိုသက်ဆိုင်ရာပုံစံများတွင် ရေးသွင်းခြင်းများ ဆောင်ရွက်ပြီးစီးချိန်တွင် သတ်မှတ်ပုံစံများကို နည်းဥပဒေတွင် သတ်မှတ်ထားသည့်အတိုင်း အထုပ်သေးများပြုလုပ်၍ အထုပ်ကြီးထဲတွင် လုံခြုံစွာထည့်သွင်းပြီး ချိပ်တံဆိပ်များရိုက်နှိပ်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရပြီး ယင်းကော်မရှင်အဖွဲ့က အဆိုပါအထုပ်များကို လျှို့ဝှက်လုံခြုံစွာထိန်းသိမ်းရကြောင်း ဆောင်းပါးအရ သိရသည်။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် မဲစာရင်းအပါအဝင် မြို့နယ်ရွေးကောက်ပွဲမှတ်တမ်းများကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲများထံ ပေးပို့ရပြီး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများသည် မိမိတို့လက်ခံရရှိသော မဲစာရင်းများအပါအဝင် ရွေးကောက်ပွဲမှတ်တမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကုန်ကျစရိတ်များ၊ အခြားစာရွက်စာတမ်းများကို ရွေးကောက်ပွဲပြီးသည့်နေ့မှစ၍ နောက်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးသည့် အချိန်အထိ မပျောက်မပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရပြီး အထွေထွေရွေးကောက်ပွဲထပ်မံကျင်းပပြီးချိန်တွင် ယင်းတို့ကို သတ်မှတ်သည့်အတိုင်း ဖျက်ဆီးကြရကြောင်း ဆောင်းပါးတွင် ဖော်ပြပါရှိသည်။
ယခင် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများနည်းတူ ယခု ၂၀၂၀ ပြည့် နှစ် ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်အရ ရွေးကောက်ပွဲစာရွက်စာတမ်းမှတ်တမ်းများကို လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ အသုံးပြု၊ ထိန်းသိမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်က ဆောင်းပါးတွင်ရေးသားသည်။















