သရုပ်ဆောင် သင်ဇာရဲ့  ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ

သရုပ်ဆောင် သင်ဇာရဲ့  ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
Published 8 January 2021
လင်းလင်းခိုင်

အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိနေခဲ့ပြီးသူတွေကတစ်ဆင့် သားသမီး၊ မောင်နှမတွေဆီလက်ဆင့်ကမ်း ခေါ်ဆောင်လာတတ်ကြတာကို တွေ့မြင်ခဲ့ကြပြီးဖြစ်ပါတယ်။ အစ်မဖြစ်သူရဲ့ လက်ဆင့်ကမ်းခေါ်ယူမှုနဲ့အတူ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့ပြီး အချိန်တိုအတွင်း ပရိသတ်စိတ်ဝင်စားချစ်ခင်မှုကိုရရှိလာသူက သရုပ်ဆောင် သင်ဇာဖြစ်ပါတယ်။ ချိုသာတဲ့အပြုံး၊ ချစ်စဖွယ်မျက်နှာပိုင်ရှင်အဖြစ် ပရိသတ်သိရှိထားသလို ရုပ်သံ ဇာတ်လမ်းတွဲသုံးခုမှာ ဆက်တိုက်ပါဝင်သရုပ်ဆောင်ခွင့် ရထားသူလည်းဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ ခေါင်းဆောင်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်လမ်းတွဲလေးကို မကြာခင် ကြည့်ရှုခွင့်ရတော့မှာလည်းဖြစ်ပါတယ်။ သင်ဇာပြောပြခဲ့တဲ့ ငယ်ဘဝပုံရိပ်အမှတ်တရတွေကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။

သရုပ်ဆောင်သင်ဇာက သရုပ်ဆောင်ဝါဆိုမိုးဦးရဲ့ညီမဖြစ်ပြီး မေ ၁၉ ရက် ၂၀၀၀ ပြည့်နှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ရန်ကုန်မြို့ဇာတိပဲဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝတည်းက အမှတ်တရဆိုရင်တော့ အကကိုရူးသွပ်စွဲလန်းသူဖြစ်ပြီး အားလပ်ချိန်တိုင်းမှာ အကကနေတတ်တယ်လို့လည်း ဆိုပါတယ်။ ဆော့ကစားနေတာမျိုးသိပ်မရှိဘဲ တစ်ယောက်တည်း သီချင်းတွေနားထောင်ရင်း လိုက်ကနေတတ်တယ်လို့ မိခင်ဖြစ်သူကလည်း မှတ်မှတ်ရရအမြဲပြန်ပြောတယ်လို့ သင်ဇာကဆိုပါတယ်။ အစ်မဖြစ်သူ ၀ါဆိုမိုးဦးရဲ့ ရှုတင်တွေကိုတော့ အများကြီးလိုက်ခွင့်မရခဲ့ဘဲ ငယ်စဉ်မှာ ကျောင်းစာကို ဦးစားပေးစေခဲ့တာကြောင့် ကျောင်းစာကိုပဲကြိုးစားခဲ့ရတယ်လို့ သင်ဇာကဆိုပါတယ်။

ကျောင်းပညာရေးအနေနဲ့တော့ သူငယ်တန်းကနေတက္ကသိုလ်ဝင်တန်းအထိကို အ.ထ.က(၂) လသာမှာ တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းမှာ ထိပ်တန်းစာတော်တဲ့အထဲ မပါသလို စာညံ့တဲ့အထဲမှာလည်း မပါဘူးလို့ဆိုခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်မှာတော့ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ 2nd Year (honours) တက်ရောက်ခဲ့ပါတယ်။ မိခင်ဖြစ်သူရဲ့ ပညာရေးထူးချွန်စေချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့တာက အမှတ်တရတစ်ခုပါလို့ သင်ဇာကဆိုခဲ့ပါတယ်။

အနုပညာဝါသနာဗီဇကိုတော့ ခြောက်တန်း၊ ခုနစ်တန်းအရွယ် လောက်ကတည်းက သတိပြုမိခဲ့ပြီး K Pop အဖွဲ့တွေခေတ်စားလာချိန်မှာ ကြည့်ဖြစ်ရာကနေ စတင်ခဲ့တယ်လို့ဆိုပါတယ်။ “သင်ဇာတို့ဆီမှာ K Pop အဖွဲ့တွေရဲ့ အကတွေ၊ သီချင်းဆိုတာတွေ နားဆင်ခွင့်ရလာတဲ့အခါ သူတို့ကိုကြည့်ပြီး အဆိုတော်အရမ်းဖြစ်ချင်သလို ကကွက်တွေလည်း လိုက်ကဖြစ်တယ်။ Girl Generation အဖွဲ့ကို အရမ်းကြိုက်ခဲ့သလို တခြား K Pop အဖွဲ့တွေအများကြီးကို ကြိုက်ခဲ့တယ်။ အဲဒီကနေပဲ အနုပညာဝါသနာဗီဇက စတင်လာခဲ့တာပါ” လို့ ဆိုပါတယ်။

အဆိုဘက်ကိုဝါသနာပါသူ သင်ဇာက ပထမဆုံးအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတစ်ခု စတင်ရိုက်ကူးဖြစ်ခဲ့ပါတယ်။ အဲဒီကနေမှ music video တွေမှာလည်း ပါဝင်ခွင့်ရခဲ့ရာက သရုပ်ဆောင်လမ်းကြောင်းပေါ်ကို လျှောက်ဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ်ထဲမှာတော့ ရုပ်သံဇာတ်လမ်းတွဲ သုံးခုဖြစ်တဲ့ ဝင်္ကပါလမ်းမများ ဇာတ်လမ်းတွဲအပါအဝင် ဇာတ်လမ်းတွဲသုံးခုမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒီဇာတ်လမ်းတွဲသုံးခုထဲက တစ်ခုကိုတော့ သွားရောက်ရိုက်ကူးထားပြီး မကြာခင်ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။ ထူးခြားတဲ့ဇာတ်ရုပ်နဲ့ ပါဝင်ခွင့်ရတာဖြစ်ပြီး မြင်နေကျနဲ့ ကွဲပြားတဲ့ဇာတ်ရုပ်တစ်ခုနဲ့ မြင်တွေ့ခွင့်ရမှာဆိုတော့စိတ်လှုပ်ရှားနေပါတယ်လို့ သင်ဇာကဆိုပါတယ်။

“သင်ဇာကိုကမ်းလှမ်းခဲ့တဲ့ဇာတ်ရုပ်တွေက တစ်ခုနဲ့တစ်ခုတော့ ခပ်ဆင်ဆင် ဖြစ်နေတယ်။ ဒါပေမဲ့ သင်ဇာကိုမြင်နေကျပုံစံမဟုတ်ဘဲ သင်ဇာနောက်တစ်ယောက်ပုံစံပြောင်းပြီးမြင်ရမယ့် ကာရိုက်တာတွေဖြစ်တယ်။ အခုအပြင် မှာမြင်ထားတဲ့ပုံစံနဲ့ လုံးဝကွဲပြားသွားမယ့်ဇာတ်ရုပ်မျိုးပေါ့။ ကာရိုက်တာအသစ်လေးအနေနဲ့မြင်ရမယ်။ အဲဒီအတွက်လည်း စိန်ခေါ်မှုတွေတော့ရှိတယ်။ ကိုယ်မဟုတ်တဲ့ နောက်ထပ်ပုံစံတစ်ခုကိုမြင်တွေ့ရစေဖို့ အများကြီးပြင်ဆင်မှုတွေလုပ်ထားတယ်။ အဓိကတော့ ဇာတ်ရုပ်တွေမှာ အံဝင်ခွင်ကျအကောင်းဆုံးလုပ်နိုင်ချင်တယ်။ ဒါကြောင့် အခုတော့အချိန်တိုင်းကို အားထုတ်ပြင်ဆင်နေပါတယ်” လို့ ဇာတ်လမ်းတွဲရိုက်ကူးဖို့ ပြင်ဆင်တာနဲ့ပတ်သက်လို့ဆိုပါတယ်။

အနုပညာလမ်းကြောင်းပေါ်ကြုံတွေ့ရတဲ့အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ အစ်မဖြစ်သူဝါဆိုမိုးဦးနဲ့လည်း တိုင်ပင်ဖြစ်သလို အဝတ်အစားပိုင်း၊ အမူအရာပိုင်းတွေလည်း တိုင်ပင်ဖြစ်တယ်လို့ဆိုပါတယ်။ အစ်မဖြစ်သူရဲ့အကြံဉာဏ်တွေကလည်း တန်ဖိုးရှိပါတယ်လို့ သင်ဇာက ပြောပြခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကာလမှာ ရိုက်ကူးရေးတွေနားထားရပေမဲ့ Live Sale ရောင်းချမှုတွေ၊ ကြော်ငြာရိုက်ကူးမှုတွေမှာပါဝင်ဖြစ်သလို အားလပ်ချိန်တွေမှာလည်း ပါဝင်ခွင့်ရထားတဲ့ ဇာတ်ရုပ်တွေအတွက် ပြင်ဆင်နေပါတယ်လို့ သင်ဇာကဆိုပါတယ်။ အစ်မဖြစ်သူ ၀ါဆိုမိုးဦးအပါအဝင် အစ်မတွေနဲ့ညီအစ်မတွေ အမြဲတမ်း စုစုစည်းစည်းပျော်ပျော်ရွှင်ရွှင်နေခွင့်ရတာကလည်း ဘဝမှာတန်ဖိုးရှိတဲ့ အချိန်တွေပါပဲလို့ သင်ဇာက ဆိုပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ အားပေးချစ်ခင်တဲ့ ပရိသတ်တွေရဲ့အားပေးမှုကိုတန်ဖိုးထားပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ ပရိသတ်များအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များအတိုင်းလိုက်နာနေထိုင်ပြီး စိတ်ပျော်ရွှင်စေဖို့လည်း သတိပြုသင့်ပါတယ်လို့ ဆိုပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့စေဖို့လည်း ဆုတောင်းစကားဆိုခဲ့ပါတယ်။ အခုတစ်ပတ်မှာဖတ်ရှုခဲ့ကြရတာကတော့ လူငယ်သရုပ်ဆောင် သင်ဇာရဲ့ငယ်ဘဝအမှတ်တရပုံရိပ်တချို့ပါ။                                                               

 

Most Read

Most Recent