ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၉၉ ဦးအနက် အမျိုးသမီး ငါးဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၉၉ ဦးအနက် အမျိုးသမီး ငါးဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့
Published 8 January 2021
ပြည့်ဖြိုးအောင်

ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၉၉ ဦးအနက် အမျိုးသမီး ငါးဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ရွှေပြည်သာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောကြားသည်။

ရွှေပြည်သာမြို့နယ်တွင် တရားမဝင် ရောက်ရှိနေသည့် ဘင်္ဂါလီ ၉၉ ဦး ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ၎င်းတို့ကို ကွန်ပျူတာတက္ကသိုလ်တွင် Quarantine ပြုလုပ်၍ COVID-19 ရောဂါပိုး စစ်ဆေးခဲ့ကြောင်း သိရသည်။

“အဲဒီထဲက အမျိုးသမီး ငါးဦးမှာ တွေ့ပါတယ်။ သူတို့ ပိုးတွေ့တဲ့ သူတွေကိုတော့ ကွန်ပျူတာတက္ကသိုလ်မှာပဲ သီးသန့်ထားထားပါတယ်။ ၉၉ ဦးထဲမှာမှ အမျိုးသမီး ငါးဦးမှာ တွေ့တာပါ။ သီးသန့်ခွဲထားတယ်။ နောက်ထပ် တစ်ကြိမ်ကို နောက်သုံးရက်လောက်ကြာရင် ပြန်စစ်ဦးမယ်။ ကျန်တဲ့ ၉၄ ယောက်ကို ပြန်စစ်ဦးမယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောကြားသည်။

အဆိုပါ ဘင်္ဂါလီ ၉၉ ဦးကို နေရပ်အသီးသီးကို ပြန်ပို့နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးရန်အောင်မင်းက ပြောကြားသည်။

ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက ရွှေပြည်သာမြို့မ ရဲစခန်းရှေ့ရှိ ဘုရင့်နောင်လမ်းမပေါ်တွင် မသင်္ကာဖွယ် အမျိုးသား တစ်ဦးအား တွေ့ရှိရပြီးနောက် ၎င်းနှင့်အတူ အခြားသူများလည်းရှိကြောင်း ပြောပြချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက် စုံစမ်းရှာဖွေရာ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂) ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်တို့ရှိ နေအိမ်များတွင် တရားမဝင် ရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး အမျိုးသား ၂၆ ဦး နှင့် အမျိုးသမီး ၇၃ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ယင်းသို့ ဖမ်းဆီးရမိရမှုနှင့် ပတ်သက်ပြီး ဘင်္ဂါလီများကို ခေါ်ဆောင်လာသည့် ပွဲစားများဖြစ်သော အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို အမှုဖွင့်အရေးယူထားပြီး တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများမှာ ရခိုင်ပြည်နယ်မှ ဝင်ရောက်လာပြီး မလေးရှားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

 

 

Most Read

Most Recent