မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ ဘူရီရမ်အသင်းတွင် လစာဒေါ်လာ ၁၀၀၀၀ အထက်ရရှိမည်ဖြစ်ပြီး အပိုဆုကြေးသုံးမျိုး ခံစားခွင့်ရမည်

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ ဘူရီရမ်အသင်းတွင် လစာဒေါ်လာ ၁၀၀၀၀ အထက်ရရှိမည်ဖြစ်ပြီး အပိုဆုကြေးသုံးမျိုး ခံစားခွင့်ရမည်
Photos: EMG,Buriam United,Football Tribe
Photos: EMG,Buriam United,Football Tribe
Published 20 December 2020

ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်းသို့ ပြောင်းရွှေ့သွားသည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် လစာအဖြစ် တစ်လလျှင် ဒေါ်လာ ၁၀၀၀၀ အထက်ရရှိ မည်ဖြစ်ကြောင်း သိရသည်။

ဘူရီရမ်အသင်းသည် အောင်သူကိုခေါ်ယူနိုင်ပြီဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဘူရီရမ်အသင်းသည် အောင်သူကို နှစ်နှစ်ခွဲစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး မြောင်တောင်ယူနိုက်တက်အသင်းတွင် ရရှိခဲ့သည့် လစာအတိုင်း တစ်လလျှင် ဒေါ်လာ ၁၀၀၀၀ နှင့်အထက် ရရှိမည်ဖြစ်သည်။ ထို့ပြင် အောင်သူသည် အပိုဆုကြေးသုံးမျိုး ခံစားခွင့်ရမည်ဖြစ်ပြီး ပွဲကန်ကြေး၊ ပွဲနိုင်ကြေး နှင့် အသင်းအောင်မြင်မှုရပါက ထပ်ဆောင်းရရှိမည့် ဆုကြေးများလည်း ခံစားခွင့်ရှိကြောင်း သိရသည်။

" အောင်သူက ဘူရီရမ်အသင်း နဲ့ စတင်ပူးပေါင်းနေပြီဖြစ်ပါတယ်။ နှစ်နှစ်ခွဲစာချုပ် ချုပ်ဆိုမှာဖြစ်ပြီး လစာကတော့ ဒေါ်လာ ၁၀၀၀၀ နဲ့ အထက် ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် အပိုဆုကြေးတွေလည်း ခံစားခွင့်ရရှိမှာပါ။ လစာကတော့ မြောင်တောင် အသင်းကအတိုင်း ရရှိတာဖြစ်ပေမဲ့ အပိုဆုကြေးကတော့ မြောင်တောင် အသင်းထက် ပိုများပါတယ်။ ပွဲကန် ကြေးက ၁၈ ယောက်ထဲပါရင် တစ်မျိုး၊ ပွဲထွက် ၁၁ ယောက်ထဲပါရင် တစ်မျိုးဖြစ်ပါတယ်" ဟု အောင်သူ နှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။

အောင်သူသည် ၂၀၂၀-၂၀၂၁ ရာသီဝက်အပြောင်းအရွှေ့ကာလ တွင် ပြောင်းရွှေ့ခဲ့သောကြောင့် ဒုတိယအကျော့ပွဲစဉ်များ စတင်မှသာ ပါဝင်ခွင့်ရမည်ဖြစ်သည်။ ထိုင်း လိဂ်-၁ ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များမှာ ဒီဇင်ဘာ ၁၉ ရက်က ပြီးဆုံး သွားပြီး ဒုတိယအကျော့ပွဲစဉ်များကို ဒီဇင်ဘာ ၂၆၊ ၂၇ ရက်တွင် ပြန်လည် ကျင်းပရန် စီစဉ်ထားသည်။ ဘူရီရမ်အသင်းသည် ပထမအကျော့အပြီးတွင် ထိပ်ဆုံးငါးသင်းစာရင်းဝင်ခဲ့ပြီး ဒုတိယအကျော့ အဖွင့်ပွဲအဖြစ် ချောင်ဘူရီအသင်းနှင့် အဝေးကွင်းပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အောင်သူသည် နိုဝင်ဘာနောက်ဆုံး ပတ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး Quarantine ၁၄ ရက် နေထိုင်ပြီးနောက် ဒီဇင်ဘာ ဒုတိယပတ်တွင် ဘူရီရမ်အသင်းနှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ အောင်သူသည် ၂၀၁၈ ရာသီမှစ၍ ထိုင်းကလပ်အသင်းများတွင် သွားရောက်ကစားခဲ့ပြီး ဘူရီရမ် အသင်းမှာ တတိယမြောက် ထိုင်း ကလပ်အသင်း ဖြစ်လာသည်။

အောင်သူသည် ၂၀၁၈ ရာသီတွင် Police Tero အသင်း၊ ၂၀၁၉ ရာသီတွင် မြောင်တောင်ယူနိုက်တက်အသင်း ၌ ပါဝင်ကစားခဲ့ပြီး ၂၀၂၀ ရာသီတွင် မြန်မာနေရှင်နယ်လိဂ်သို့ ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။ အောင်သူသည် Police Tero  အသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း မြောင်တောင်အသင်းတွင်မူ ခြေစွမ်း ပြကစားနိုင်ရန် ရုန်းကန်ခဲ့ရသည်။

အောင်သူသည် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရခဲ့သည့် မြန်မာအသင်းနှင့်အတူ ထင်ရှားလာသည့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွက် အာဆီယံလူငယ် အကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးရရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ရာသီတွင် ထိုင်းကလပ်အသင်းများ၌ မြန်မာကစားသမားငါးဦး ပါဝင် ကစားလျက်ရှိပြီး ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် အောင်သူ၊ ဇော်မင်းထွန်း၊ ဆွမ်လမန်၊ ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် ကျော်ကိုကိုနှင့် အောင်ကောင်းမာန် တို့ ပါဝင်ကစားနေကြောင်း သိရသည်။

Most Read

Most Recent