အစိုးရက ဆက်သွယ်ရေး ကွန်ရက်ပေါ်မှ အချက်အလက်များ တောင်းခံခြင်းသည် လူ့အခွင့်အရေးအတွက် မေးခွန်းထုတ်စရာ ရှိလာကြောင်း တယ်လီနောက သတင်းထုတ်ပြန်

အစိုးရက ဆက်သွယ်ရေး ကွန်ရက်ပေါ်မှ အချက်အလက်များ တောင်းခံခြင်းသည် လူ့အခွင့်အရေးအတွက် မေးခွန်းထုတ်စရာ ရှိလာကြောင်း တယ်လီနောက သတင်းထုတ်ပြန်
Published 4 December 2020
လွင်မျိုးသူ

အစိုးရက ဆက်သွယ်ရေး ကွန်ရက်ပေါ်မှ အချက်အလက်များ တောင်းခံခြင်းသည် လူ့အခွင့်အရေးအပေါ် သက်ရောက်မှုများ ရှိသည့်အတွက် မေးခွန်းထုတ်စရာများ ရှိခဲ့ကြောင်း တယ်လီနောမြန်မာက ဆိုသည်။

အစိုးရအာဏာပိုင်များ၏ အချက်အလက်၊ တောင်းခံ၊ ခွင့်ပြုခြင်း၊ ကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက် အမျိုးအစား လေးမျိုးကို လက်ခံရရှိခဲ့ကြောင်း တယ်လီနောမြန်မာက သတင်းထုတ်ပြန်ထားသည်။

၂၀၁၄ အောက်တိုဘာမှ စတင်ပြီး ဆက်သွယ်ရေး ကွန်ရက်ပေါ်မှ အချက်အလက် တောင်းခံမှုကို ၃၂၇ ကြိမ်အထိ တရားဝင် လက်ခံရရှိခဲ့ပြီး အဆိုပါ တောင်းခံမှုများအနက် တယ်လီနော မြန်မာက ၂၁၇ ကြိမ် အချက်အလက်များ ပံ့ပိုးပေးခဲ့သည်။

အဆိုပါ ပေးပို့ခဲ့သော အချက်အလက်များသည် လူ့အသက်နှင့် သက်ဆိုင်သည့် အရေးပေါ် ကိစ္စရပ်များ ဖြစ်သော လူသတ်မှုများ၊ မူးယစ်ဆေးနှင့် လူပျောက်ဆုံးမှုများတွင် အသုံးပြုနိုင်ရန် ဖြစ်ကြောင်း သိရသည်။ 

အစိုးရ တာဝန်ရှိသူများ အနေဖြင့် အမှုတစ်ခုချင်းစီတိုင်းအတွက် ခွင့်ပြုချက် ရယူခြင်းမရှိဘဲ အော်ပရေတာများနှင့် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုချင်းစီမှ အချက်အလက်များကို တိုက်ရိုက်ရယူ သွားနိုင်ရန် ရည်ရွယ်လျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် လုံလောက်သည့် ဥပဒေအရ ကာကွယ်တားဆီးမှုများ မရှိပါက သုံးစွဲသူများ အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် အခြေအနေများ၊ အလွဲသုံးစား ပြုခံရသည့် အခြေအနေများဖြင့် ကြုံတွေ့လာနိုင်သည်။

ဆိုက်ဘာလုံခြုံရေး ဥပဒေအတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် တိုင်ပင်ဆွေးနွေး ခြင်းများအပေါ် ဆက်လက် ထောက်ခံ အားပေးသွားပြီး တယ်လီနောမြန်မာ အနေဖြင့် သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို တရားဥပဒေဘောင် အတွင်းမှာ လုပ်ဆောင်နိုင်ရန် တိုက်တွန်းလျက်ရှိပြီး နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများနှင့်အညီ တရားဝင် ရယူနိုင်ရန် ဦးတည်ထားလျက်ရှိသည်ဟု တယ်လီနောမြန်မာက သတင်းထုတ်ပြန်ထားသည်။

 

Most Read

Most Recent