ချန်ပီယံလိဂ်အုပ်စုပုံစံအား အသွင်ပြောင်းလဲရန် UEFA စဉ်းစားနေပြီး ၂၀၂၄ ခုနှစ်တွင် စတင်ပြောင်းလဲဖွယ်ရှိဟု ဥရောပမီဒီယာများဖော်ပြ

ချန်ပီယံလိဂ်အုပ်စုပုံစံအား အသွင်ပြောင်းလဲရန် UEFA စဉ်းစားနေပြီး ၂၀၂၄ ခုနှစ်တွင် စတင်ပြောင်းလဲဖွယ်ရှိဟု ဥရောပမီဒီယာများဖော်ပြ
Photo: CBS
Photo: CBS
Published 3 December 2020

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)သည် ချန်ပီယံလိဂ်အုပ်စုပုံစံအား အသွင်ပြောင်းလဲရန် စဉ်းစားလျက်ရှိနေပြီး လက်ရှိရုပ်သံစာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၄ ခုနှစ်တွင်  ပုံစံသစ်ကို စတင်မိတ်ဆက်ဖွယ်ရှိကြောင်း ဥရောပမီဒီယာများက ဖော်ပြခဲ့ကြသည်။

လက်ရှိတွင် ချန်ပီယံလိဂ်အုပ်စုအဆင့်၌ (၄)သင်းပါ (၈)အုပ်စုဖြင့် အသင်း (၃၂)သင်း ယှဉ်ပြိုင်နေပြီး အုပ်စုအဆင့်တွင် အသင်းတိုင်းမှာ အိမ်ကွင်း(၃)ပွဲ၊ အဝေးကွင်း(၃)ပွဲ စုစုပေါင်း(၆)ပွဲ ကစားရသည်။

ယင်းကဲ့သို့ အုပ်စုပတ်လည်ကစားသည့်ပုံစံကို အသုံးပြုခဲ့သည်မှာ ၁၉၉၁-၉၂ ရာသီကတည်းကဖြစ်ပြီး ထိုစဉ်က နောက်ဆုံးအဆင့်တွင် (၄)သင်းပါ (၂)အုပ်စု ကစားခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် နောက်ဆုံးအဆင့်၌ ပါဝင်သည့်အသင်းအရေအတွက် တိုးမြင့်လာသလို အုပ်စုအရေအတွက်လည်း များပြားလာခဲ့သည်။

နှစ်ပေါင်း (၃၀)နီးပါးကြာမြင့်ပြီဖြစ်သည့် ယင်းချန်ပီယံလိဂ်အုပ်စုကစားသည့်ပုံစံကို ဥရောပကလပ်အသင်းအချို့က ငြီးငွေ့လာကြပြီး ဥရောပထိပ်သီးကလပ်အသင်းကြီးများက ၎င်းတို့ စိတ်ကြိုက်ပုံစံသစ်ဖြင့် ပြိုင်ပွဲအသစ်တစ်ခုဖော်ထုတ်ရန် ကြိုးပမ်းလျက်ရှိနေကြသည်။

သို့ဖြစ်ရာ UEFA သည် ယင်းကဲ့သို့ စင်ပြိုင် ပြိုင်ပွဲသစ် ပေါ်ထွက်လာမည့်အရေးကို ကြိုတင်ကာကွယ်သည့်အနေဖြင့် လက်ရှိချန်ပီယံလိဂ်ပြိုင်ပွဲပုံစံအား အသွင်ပြောင်းလဲရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

UEFA က စဉ်းစားနေသည့် ပုံစံသစ်မှာ ''Swiss-system tournament'' ဟုအမည်ရသော ပြိုင်ပွဲပုံစံမျိုးဖြစ်ကြောင်း သိရှိရသည်။

ယင်းပုံစံအရ ပြိုင်ပွဲဝင်အုပ်စု (၃၂)သင်းကို အုပ်စုခွဲဝေခြင်းမပြုလုပ်တော့ဘဲ (လက်ရှိ ဥရောပလိဂ်ပြိုင်ပွဲများ၏ အမှတ်ပေးဇယားကဲ့သို့) တစ်စုတစ်ဝေးတည်း ထားရှိမည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် အသင်းတစ်သင်းကို ပြိုင်ဘက်အသင်း (၁၀)သင်းနှင့် အိမ်ကွင်းပွဲစဉ် (၅)ပွဲ၊ အဝေးကွင်းပွဲစဉ် (၅)ပွဲကစားစေမည်ဖြစ်ပြီး ယှဉ်ပြိုင်ရမည့်အသင်းများအား မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် (၁၀)ပွဲစီကစားအပြီးတွင် အုပ်စုထိပ်ဆုံးနေရာရ (၈)သင်းကို နောက်တစ်ဆင့်ဖြစ်သည့် ရှုံးထွက် (၁၆)သင်းအဆင့်သို့ တက်ရောက်စေမည်ဖြစ်ပြီး အမှတ်ပေးဇယားအောက်ဆုံးမှ (၈)သင်း (အဆင့် ၂၅ မှ ၃၂ အထိ) မှာ ပြိုင်ပွဲမှ ထွက်ရမည်ဖြစ်သည်။

ထို့နောက် ကျန် (၁၆)သင်း (အဆင့် ၉ မှ ၂၄ အထိ)ကို Play-off ပွဲများ အထက်အောက်တွဲ၍ (9 Vs 24, 10 Vs 23, 11 Vs 22, 12 Vs 21 အစရှိသဖြင့်) ကစားစေမည် ဖြစ်ကြောင်း သိရှိရသည်။

ယင်း Play-off အဆင့်တွင် အနိုင်ရသည့် (၈)သင်းမှာ ရှုံးထွက်(၁၆)သင်းအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ရှုံးသော(၈)သင်းမှာ ယူရိုပါလိဂ်ဝင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းပုံစံအရ ကလပ်အသင်းများမှာ အုပ်စုအဆင့်တွင် လက်ရှိပုံစံထက်(၄)ပွဲပိုကစားရမည်ဖြစ်ပြီး ကျန်ရှုံးထွက် (၁၆)သင်းအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများမှာ လက်ရှိပုံစံအတိုင်းပင်ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent