ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်၊ ပြည်တွင်းအရောင်းပြခန်းများမှ ဝယ်ယူခွင့်၊ SKD စနစ်ဖြင့် ထုတ်လုပ်သောမော်တော်ယာဉ်များ ဝယ်ယူခွင့်ပြုသည့် ကြေညာချက် အစိုးရထုတ်ပြန်

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်၊ ပြည်တွင်းအရောင်းပြခန်းများမှ ဝယ်ယူခွင့်၊ SKD စနစ်ဖြင့် ထုတ်လုပ်သောမော်တော်ယာဉ်များ ဝယ်ယူခွင့်ပြုသည့် ကြေညာချက် အစိုးရထုတ်ပြန်
Published 29 September 2020

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်၊ ပြည်တွင်းအရောင်းပြခန်းများမှ ဝယ်ယူခွင့်၊ SKD စနစ်ဖြင့် ထုတ်လုပ်သောမော်တော်ယာဉ်များ ဝယ်ယူခွင့်ပြုသည့် ကြေညာချက်ကို  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် အသက် ၅၇ နှစ်အထက်ရှိသည့် ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ (သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့်ခံစားနေသော ဝန်ထမ်းများအပါ) အမြဲတမ်းအတွင်းဝန်ရာထူးမှ ဒုတိယညွှန်ကြားရေးမှူးရာထူးအထိ ဝန်ထမ်းများအား ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် သို့မဟုတ် ပြည်တွင်းအရောင်းပြခန်းများမှ ဝယ်ယူခွင့်ပြုမည်။ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အောက်အဆင့်ဝန်ထမ်းအား ပြည်တွင်းမှ SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များကို ဝယ်ယူခွင့်ပြုမည်ဖြစ်သည်။

တပ်မတော်မှ နယ်ဘက်သို့ ဌာနကူးပြောင်း တာဝန်ထမ်းဆောင်ခဲ့သူများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနတွင် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် လျှောက်ထားရရှိပြီးမှသာ မော်တော်ယာဉ်တင်သွင်း/ ဝယ်ယူ ခွင့်ပြုမည်ဖြစ်သည်။

တပ်မတော်သားအရာရှိကြီးများအား ရာထူးအဆင့်အလိုက် အချိန်ကန့်သတ်ချက်ဖြင့် အငြိမ်းစားယူရန် သတ်မှတ်ထားသည့်အတွက် စစ်မှုထမ်းကောင်းတံဆိပ်ရရှိထားသည့် ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သား (အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဆင့်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ရာထူးအဆင့်တူညီသူ ၅၀၁ ဦးအား ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့် သို့မဟုတ် ပြည်တွင်းအရောင်းပြခန်းများမှ ဝယ်ယူခွင့်ပြုပါမည်။ စစ်မှုထမ်းကောင်းတံဆိပ်ရရှိထားသည့် ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သား (လက်ထောက်ညွှန်ကြားရေးမှူးအဆင့်မှ ရုံးအကူအဆင့်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ရာထူးအဆင့်တူညီသူ) ၄၀၄၉ ဦးအား ပြည်တွင်းမှ SKD စနစ်ဖြင့် ထုတ်လု်ပသော မော်တော်ယာဉ်များကို ဝယ်ယူခွင့်ပြုမည်ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော ရဲမှုထမ်းကောင်းတံဆိပ်ရရှိထားသည် တာဝန်ထမ်းဆောင်ဆဲ ရဲတပ်ဖွဲ့ဝင် (အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဆင့်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ရာထူးအဆင့်တူညီသူ ၁၂၆ ဦးအား ပြည်ပမှ မော်တော်ယာဉ် ဝယ်ယူတင်သွင်းခွင့် သို့မဟုတ် ပြည်တွင်းအရောင်းပြခန်းများမှ ဝယ်ယူခွင့်ပြုမည်ဖြစ်သည်။ ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော ရဲမှုထမ်းကောင်းတံဆိပ် ရရှိထားသည့် တာဝန်ထမ်းဆောင်ဆဲ ရဲတပ်ဖွဲ့ဝင် (လက်ထောက်ညွှန်ကြားရေးမှူးအဆင့်မှ ရုံးအကူအဆင့်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ရာထူးအဆင့်တူညီသူ) ၁၀၂၁ ဦးအား ပြည်တွင်းမှ SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များကို ဝယ်ယူခွင့်ပြုမည်ဖြစ်သည်။

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တာဝန်ထမး်ဆောင်နေသော စည်ပင်သာယာရေးဝန်ထမ်းများထဲမှ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ရရှိထားပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် အသက် ၅၇ နှစ်နှင့်အထက်ရှိသည့်  ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ (သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့်ခံစားနေသည့် ဝန်ထမ်းများအပါ)၊ အမြဲတမ်းအတွင်းဝန်ရာထူးမှ ဒုတိယညွှန်ကြားရေးမှူးရာထူးအထိ ဝန်ထမ်းများအား ပြည်ပမှမော်တော်ယာဉ် တင်သွင်းခွင့် သို့မဟုတ် ပြည်တွင်းပြခန်းများမှ ဝယ်ယူခွင့်ပြုမည်ဖြစ်သည်။ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အောက်အဆင့် ဝန်ထမ်းများအား ပြည်တွင်းမှ SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များကို ဝယ်ယူခွင့်ပြုမည်ဖြစ်သည်။

ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ရရှိထားပြီး ပင်စင်ယူရန် သုံးနှစ်အလို နိုင်ငံ့ဝန်ထမ်းအရေအတွက်မှာ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းအင်း ၁၁ သိန်း၏ ၁ ရာခိုင်နှုန်းကျော်သာရှိသည့်အတွက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိုလည်း နိုင်ငံ့ဝန်ထမ်းများနည်းတူ ယင်းတို့ အင်အား၏ ၁ ရာခိုင်နှုန်းကျော်အား မော်တော်ယာဉ်တင်သွင်းခွင့်/ဝယ်ယူခွင့်ပြုထားခြင်းဖြစ်ကြောင်း ရှင်းလင်းထားသည်။

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် မော်တော်ယာဉ် ဝယ်ယူခွင့်ပြုရာတွင် ရာထူးအဆင့်အလိုက် ခွင့်ပြုမည့် ငွေပမာဏမှာ အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ် ကျပ်သိန်း ၅၀၀ နှင့်ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ကျပ်သိန်း ၃၀၀ နှင့် ညီမျှသော CIF တန်ဖိုး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အောက်အဆင့် ကျပ်သိန်း ၃၀၀ နှင့်ညီမျှသော စက်ရုံထုတ် ရောင်းစျေးတို့ဖြစ်သည်။

နောင်နှစ်များတွင်လည်း အောက်တိုဘာ ၁ ရက်၌ အသက် ၅၇ နှစ်နှင့်အထက်ရှိ လာမည့်ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားပြီး တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်တင်သွင်းဝယ်ယူခွင့်ကို ထုတ်ပြန်ကြေညာခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

Most Read

Most Recent