NBA Finals တွင် LA Lakers နှင့် မိုင်ယာမီဟိသ်အသင်း ပထမဆုံးအကြိမ် တွေ့ဆုံ

NBA Finals တွင် LA Lakers နှင့် မိုင်ယာမီဟိသ်အသင်း ပထမဆုံးအကြိမ် တွေ့ဆုံ
Published 29 September 2020

၂၀၂၀ NBA ဘတ်စကက်ဘောပြိုင်ပွဲ ၏ Finals အဆင့်သို့ အနောက်ပိုင်းဇုန်ချန်ပီယံ နာမည်ကြီး LA Lakers အသင်းနှင့် အရှေ့ပိုင်းဇုန်ချန်ပီယံ မိုင်ယာမီဟိသ်အသင်းတို့ တက်ရောက်နိုင်ခဲ့ပြီး ၎င်းတို့နှစ်သင်းမှာ ဗိုလ်လုပွဲတွင် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

ဇုန်အလိုက် Playoffs ဗိုလ်လုပွဲများမှာ မြန်မာစံတော်ချိန် တနင်္လာနေ့ နံနက်ပိုင်းတွင် ပြီးဆုံးသွားပြီး အနောက်ပိုင်းဇုန်တွင် LA Lakers နှင့် အရှေ့ပိုင်းဇုန်တွင် မိုင်ယာမီဟိသ်အသင်းတို့ ချန်ပီယံဖြစ်ခဲ့သည်။ 

အနောက်ပိုင်းဇုန် ဗိုလ်လုပွဲမှာ တနင်္ဂနွေနေ့နံနက်ကတည်းက အဖြေထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး လက်ကျန်နှစ်ပွဲအလိုတွင် LA Lakers အသင်းက ဒန်ဗာနက်ဂက်စ်အသင်းကို ၄-၁ ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ 

မိုင်ယာမီဟိသ်အသင်းကလည်း တနင်္လာနေ့နံနက်က ယှဉ်ပြိုင်ကစားသည့်ပွဲတွင် ဘော်စတွန်ဆဲလ်တစ်အသင်းကိုအနိုင်ယူကာ လက်ကျန်တစ်ပွဲအလိုတွင် ၄-၂ ဖြင့် ဗိုလ်စွဲပြီး Finals အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

နာမည်ကြီးကစားသမား လီဘရွန်ဂျိမ်းစ်ဦးဆောင်သည့် LA Lakers အသင်းသည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဆယ်စုနှစ်တစ်ခုအကြာတွင် ဗိုလ်လုပွဲသို့ တစ်ကျော့ပြန်တက်ရောက်ခွင့်ရခြင်းဖြစ်ပြီး ဂျိမ်းစ်သည် NBA ချန်ပီယံဆုကို မိုင်ယာမိဟိသ်နှင့် နှစ်ကြိမ်၊ ကလိဗ်လန်းနှင့် တစ်ကြိမ်ရရှိထားရာ အသင်းဟောင်းနှင့် ပြန်လည်ဆုံတွေ့ရမည်ဖြစ်သည်။ 

မိုင်ယာမီဟိသ်အသင်းမှာလည်း ခြောက်နှစ်အကြာတွင် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရခြင်းဖြစ်သည်။ 

၎င်းတို့နှစ်သင်း ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များကို မြန်မာစံတော်ချိန် သြဂုတ် ၁၊ ၃၊ ၅၊ ၇၊ ၁၀၊ ၁၂၊ ၁၄ ရက် နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent