ရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်ထက်ပိုနေပြီး COVID ရောဂါဖြင့် ရုန်းကန်နေရသည့် အခြေအနေ၌ပင် စီးပွားရေး မကျဆင်းအောင် အတတ်နိုင်ဆုံး ထိန်းထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်ထက်ပိုနေပြီး COVID ရောဂါဖြင့် ရုန်းကန်နေရသည့် အခြေအနေ၌ပင် စီးပွားရေး မကျဆင်းအောင် အတတ်နိုင်ဆုံး ထိန်းထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 26 September 2020
စည်သူ

ရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်ထက်ပိုနေပြီး COVID ရောဂါဖြင့် ရုန်းကန်နေရသည့် အခြေအနေ၌ပင် စီးပွားရေး မကျဆင်းအောင် အတတ်နိုင်ဆုံး ထိန်းထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

COVID-19 ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ စက်တင်ဘာ ၂၅ ရက်ညပိုင်းက ပြည်သူများသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ ကိန်းဂဏန်းတွေ ကြည့်လိုက်တယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုဟာ ကျွန်မတို့အခုက ကိုးလပိုင်းပဲ ရှိသေးပေမယ့် အရင်နှစ်ကထက် ပိုနေပါပြီ။ အဲဒီတော့ ပြောချင်တာက COVID ရောဂါနဲ့ ရုန်းကန်နေရတဲ့ အခြေအနေမှာတောင်မှ ကျွန်မတို့ စီးပွားရေး သိပ်ပြီးတော့ မကျဆင်းအောင်လို့ ကျွန်မတို့ အတတ်နိုင်ဆုံး ထိန်းထားပါတယ်။ ထိန်းလို့လည်း အတိုင်းအတာတစ်ခုထိ အောင်မြင်နေတယ် ဆိုတာလည်း ပြောချင်ပါတယ်။ စီးပွားကူးသန်းနဲ့ ပတ်သက်လို့ရှိရင် ကူးသန်းရောင်းဝယ်ရေးနဲ့ ပတ်သက်လို့ဆိုရင် အခုကိုးလပိုင်းရောက်တဲ့ အချိန်မှာ အရင်နှစ် တစ်နှစ်တုန်းကလောက်ကိုတော့ မမီသေးပါဘူး။ သို့သော်ငြားလည်း မီလုနီးပါး ရှိနေပါပြီ။ ကျွန်မတို့မှာ နောက်လည်း သုံးလရှိသေးတယ်ဆိုတာ ကျွန်မပြောချင်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

COVID-19 ရောဂါနှင့်ပတ်သက်၍ လူနာများနှင့် ပတ်သက်ပြီး အခြေအနေကြည့်ကာ စီစဉ်မှုများ ရှိနေကြောင်းနှင့် ပြည်သူများ စိတ်ငြိမ်ငြိမ်ထားရန်၊ နိုင်ငံ၏ အခြေအနေ နိုင်ငံ၏ အနာဂတ်အတွက် သိပ်ပြီးမစိုးရိမ်ရန်လိုကြောင်း၊ ဥပမာဆိုပါက သေဆုံးမှုနှုန်း နည်းနည်းမြင့်တက်လာပြီး ၁ ဒသမ ၄ မှ ယခု ၁ ဒသမ ၆ အထိ မြင့်တက်လာကြောင်း၊ ယင်းမှာ များစွာမြင့်တက်လာခြင်း မဟုတ်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ပြည်သူများ စိုးရိမ်လွန်ပါက Stress များကာ ကိုယ်ခံစွမ်းအား ကျလာတတ်ပြီး ရောဂါကို ကာကွယ်နိုင်စွမ်းလည်း ကျကြောင်း၊ ထို့ကြောင့် မလိုအပ်ဘဲနှင့် ပြည်သူများကို စိတ်ပူပင်သောကများ မဖြစ်စေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

Most Read

Most Recent