အရေးကြီး ကုန်စည်များ၊ ဦးစားပေး ကုန်စည်များအတွက် အကောက်ခွန်နှင့် ဆိပ်ကမ်းရှင်းလင်းရေး လုပ်ငန်းများကိုသာ ဆောင်ရွက်ခွင့်ပြုသင့်ပြီး အခြားကုန်စည်များကို နှစ်ပတ်ခန့် ပိတ်ထားစေလိုကြောင်း အကောက်ခွန် ဝန်ဆောင်မှုအသင်း တင်ပြ

အရေးကြီး ကုန်စည်များ၊ ဦးစားပေး ကုန်စည်များအတွက် အကောက်ခွန်နှင့် ဆိပ်ကမ်းရှင်းလင်းရေး လုပ်ငန်းများကိုသာ ဆောင်ရွက်ခွင့်ပြုသင့်ပြီး အခြားကုန်စည်များကို နှစ်ပတ်ခန့် ပိတ်ထားစေလိုကြောင်း အကောက်ခွန် ဝန်ဆောင်မှုအသင်း တင်ပြ
Published 25 September 2020

အရေးကြီး ကုန်စည်များ၊ ဦးစားပေး ကုန်စည်များအတွက် အကောက်ခွန်နှင့် ဆိပ်ကမ်းရှင်းလင်းရေး လုပ်ငန်းများကိုသာ ဆောင်ရွက်ခွင့်ပြုသင့်ပြီး အခြားကုန်စည်များကို နှစ်ပတ်ခန့် ယာယီပိတ်ထား စေလိုကြောင်း မြန်မာနိုင်ငံ အကောက်ခွန် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အကောက်ခွန် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက အကောက်ခွန်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဖွင့်လှစ်ဆောင်ရွက်မှုအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ သဘောထား ပေးပို့တင်ပြခြင်းနှင့် လမ်းညွှန်မှု ခံယူခြင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အကောက်ခွန် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းသည် နိုင်ငံတစ်ဝန်းလုံးတွင် အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူ အရေအတွက်မှာ အဝါကတ် ကိုင်ဆောင်သူ ၁၅၄၀၊ ပန်းရောင်ကတ် ကိုင်ဆောင်သူ ၂၈၉၆ ဦး အသင်းဝင်ထား သည်။ ရန်ကုန်တိုင်းဒေသကြီး၌ အဝါကတ် ကိုင်ဆောင်သူ ၉၂၅ ဦးနှင့် ပန်းရောင်ကတ် ကိုင်ဆောင်သူ ၂၀၆၅ ဦးဖြင့် ရန်ကုန်ဆိပ် ကမ်းများ၊ လေဆိပ်များတွင် အကောက်ခွန် ဝန်ဆောင်မှု လုပ်ငန်းများ၊ ထောက်ပံ့သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

အသင်းဝင်အားလုံးသည် လုပ်ငန်းသဘောသဘာဝအရ နေ့စဉ်အကောက်ခွန် ဦးစီးဌာန ရုံးချုပ်၊ ဆိပ်ကမ်း၊ သင်္ဘော ကိုယ်စားလှယ် လုပ်ငန်းဌာနခွဲရုံးများ၊ သင်္ဘောလိုင်းများ၊ ကွန်တိန်နာလိုင်းများ၊ လေဆိပ်များ၊ ဘဏ်များ၊ အကောက်ခွန် စစ်ဆေးရေး စခန်းများတွင် နေ့စဉ်သွားလာ၍ သွင်းကုန်ထုတ်ကုန်နှင့် အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ စာရွက်စာတမ်းများ စစ်ဆေးခံခြင်း၊ ကုန်ပစ္စည်းများ စစ်ဆေးခံခြင်းများကို နေ့စဉ် လူကိုယ်တိုင် သွားရောက်ပြီး လုပ်ကိုင်ဆောင်ရွက်ရသည်။ ထိုသို့လုပ်ကိုင် ဆောင်ရွက်ရသည့် အကောက်ခွန်ရုံးချုပ်၊ ဆိပ်ကမ်းများ၊ လေဆိပ်များ၊ ဘဏ်များ၊ သင်္ဘောလိုင်းများ စသည့်နေရာတိုင်းတွင်လည်း လူအများနှင့် ထိတွေ့ဆက်ဆံပြီး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နေကြခြင်းဖြစ်ပြီး အဆိုပါ နေရာများသည်လည်း COVID-19 ရောဂါ ကူးစက်နိုင်ခြေများသည့် နေရာများဖြစ်သည်။

ယခုကပ်ရောဂါ ကူးစက်ပြန့်ပွားနေချိန်တွင် နေ့စဉ်အပြင်ထွက်၍ ဝန်ဆောင်မှု ပေးနေရခြင်းသည် အသင်းဝင် အားလုံး၏ ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေ၍ အကောက်ခွန်ဝန်ဆောင်မှု လုပ်ကိုင်သူများသည် လုပ်ငန်းခွင်များတွင် နိုင်ငံတော်က ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ မပျက်မကွက် လိုက်နာဆောင်ရွက် နေကြကြောင်း သိရသည်။

မြန်မာနိုင်ငံ အကောက်ခွန် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းသည် အသင်းဝင်များ၏ သဘောထားများ တောင်းခံခဲ့ရာ အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်းများကို နှစ်ပတ်ယာယီ ပိတ်ထားလိုသော အသင်းဝင် အရေအတွက် ၇၇၄ ဦးရှိနေပြီး ဆက်လက်ဖွင့်လှစ် လုပ်ကိုင်လိုသူ အသင်းဝင် အရေအတွက် ၅၈ ဦးသာ ရှိခဲ့သည်။

ယခုအချိန်တွင် အကောက်ခွန် ဝန်ဆောင်မှု လုပ်ငန်းများသည် အရေးကြီးကုန်စည်များ ဥပမာဆေးနှင့် ဆေးပစ္စည်းများ၊ စားသုံးဆီ၊ စားသောက်ကုန် လုပ်ငန်းများ၊ စက်သုံးဆီ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ကုန်များ၊ ရေထွက်ကုန်များနှင့် ဦးစားပေး ကုန်စည်များ ဥပမာ General Break Bulk ကုန်စည်များ၊ အအေးခန်း ကွန်တိန်နာများအတွက် အကောက်ခွန်နှင့် ဆိပ်ကမ်းရှင်းလင်းရေး လုပ်ငန်းများကိုသာ လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုသင့်သည်။ အခြားကုန်စည်များအတွက် ဆိပ်ကမ်းများမှ ထုတ်ပေးခြင်း၊ တင်ပို့ခြင်းများကို နှစ်ပတ်ခန့် ယာယီပိတ်ထား စေလိုကြောင်းနှင့် လိုအပ်သော လမ်းညွှန်မှုများ ပေးနိုင်ရန်  မြန်မာနိုင်ငံ အကောက်ခွန် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက တင်ပြထားသည်။

Most Read

Most Recent