COVID-19 ကြောင့် စက်ရုံ၊ အလုပ်ရုံ ယာယီပိတ်သိမ်းမည့်ကာလအတွက် လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းထားခြင်းမရှိသည့် အလုပ်သမားများကို နိုင်ငံတော်အစိုးရက ထောက်ပံ့မည်ဖြစ်ရာ အလုပ်ရှင်များကလည်း ပူးပေါင်းထောက်ပံ့ပေးစေလိုကြောင်း ပြောကြား

COVID-19 ကြောင့် စက်ရုံ၊ အလုပ်ရုံ ယာယီပိတ်သိမ်းမည့်ကာလအတွက် လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းထားခြင်းမရှိသည့် အလုပ်သမားများကို နိုင်ငံတော်အစိုးရက ထောက်ပံ့မည်ဖြစ်ရာ အလုပ်ရှင်များကလည်း ပူးပေါင်းထောက်ပံ့ပေးစေလိုကြောင်း ပြောကြား
ဓာတ်ပုံ- ကုန်သည်စက်မှုအသင်းချုပ်
ဓာတ်ပုံ- ကုန်သည်စက်မှုအသင်းချုပ်
Published 22 September 2020
ဇေယျာငြိမ်း

COVID-19 ကပ်ရောဂါကြောင့် စက်ရုံ၊ အလုပ်ရုံများ ယာယီပိတ်သိမ်းမည့်ကာလအတွက် လူမှုဖူလုံရေး ထည့်ဝင်ကြေး ပေးသွင်းထားခြင်းမရှိသည့် အလုပ်သမားများကိုလည်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိရာ အလုပ်ရှင်များကလည်း ပူးပေါင်းထောက်ပံ့ပေးစေလိုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

COVID-19 ကပ်ရောဂါအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီပိတ်သိမ်းမည့် စက်ရုံ/ အလုပ်ရုံများမှ အလုပ်သမားများအား ပိတ်ရက်ကာလအတွက် လုပ်ခ၊ လစာ ထောက်ပံ့ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ် (UMFCCI) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုး၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် အပါအဝင် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် အလုပ်ရှင်ကိုယ်စားလှယ်များက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါကူးစက်ပြန့်နှံမှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအား နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့သဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းရှိ အလုပ်သမားနှင့်ပတ်သက်ဆက်ဆံသည့် မိသားစုဝင်များအား ချမှတ်ထားသည့် ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာလုပ်ဆောင်ရေး အလေးထားရေး၊ COVID-19 ရောဂါအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၄ ရက်မှစ၍ နှစ်ပတ်ခန့် ယာယီပိတ်သိမ်းမည့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား ပိတ်ရက်ကာလအတွက် လုပ်ခလစာ ထောက်ပံ့ပေးနိုင်ရေးနှင့်ပတ်သက်၍ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ရေး၊ လုပ်ငန်းရှင်များအနေဖြင့် ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်မည့် အစီအစဉ်များနှင့် ကြေညာချက်အပေါ် သဘောထားအမြင်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလုပ်သမားများအား (Stay at Home) နေထိုင်ရမည့် အလုပ်ရပ်နားထားရသည့်ကာလအတွင်း ထောက်ပံ့ကူညီပေးနိုင်ရေးအတွက် သက်ဆိုင်ရာအသင်းအဖွဲ့အလိုက် ဆွေးနွေး၍ ပြန်လည်တင်ပြသွားမည် ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးသွင်းထားသည့် အလုပ်သမားများအတွက် လူမှုထောက်ပ့ံကူညီမှုများကို ဥပဒေနှင့်အညီ ပေးအပ်သွားရန် စီစဉ်ထားကြောင်း၊ လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းထားခြင်း မရှိသည့် အလုပ်သမားများအတွက်လည်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိရာ အလုပ်ရှင်များကလည်း ပူးပေါင်းပြီး အလုပ်သမားများအား တက်နိုင်သမျှ ထောက်ပံ့ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ) တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ စက်တင်ဘာ ၂၀ ရက်က အမိန့်ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent