လက်ရှိအစိုးရလက်ထက် ၅၇ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုမှ ဒေါ်လာ ၁၆၄၇၈ သန်းကျော်ရရှိထားပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ဒေါ်လာ သန်း ၃၉၀၀ ကျော်ဖြင့် အများဆုံးဖြစ်

လက်ရှိအစိုးရလက်ထက် ၅၇ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုမှ ဒေါ်လာ ၁၆၄၇၈ သန်းကျော်ရရှိထားပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ဒေါ်လာ သန်း ၃၉၀၀ ကျော်ဖြင့် အများဆုံးဖြစ်
ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 20 September 2020
နီလာ

လက်ရှိအစိုးရလက်ထက် ၅၇ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုမှ ဒေါ်လာ သန်း ၁၆၄၇၈ ကျော် ရရှိထားပြီး ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်းက ဒေါ်လာသန်း ၃၉၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ သိရသည်။

နှစ်အလိုက် ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၄၄၅ ဒသမ ၁၀ သန်း၊ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၁၁၆ ဒသမ ၃၄ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၅၁၃ ဒသမ ၂၁ သန်း၊၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၉၂၄ ဒသမ ၉၂ သန်းအထိ တင်ပို့ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇွန်အထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ၂၅၈၈ ဒသမ ၈၆ သန်း ရရှိခဲ့သည်။ ၅၇ လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၁၆၄၇၈ ဒသမ ၄၂ သန်း ရရှိခဲ့ခြင်းဖြစ်သည်။

ရတနာ၊ ရဲတံခွန်၊ ရွှေနှင့် ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းများအပြင် ကုန်းတွင်းပိုင်းမှလည်း သဘာဝဓာတ်ငွေ့ထုတ်လုပ်နေပြီး နှစ်စဉ်ကုဗပေသန်း ၆၀၀၀၀၀ ကျော်မှ ၆၇၀၃၆၂ အထိ တိုးတက်ထုတ်လုပ်ရန် ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ရရှိမှု အခြေအနေမှာ ယခင်နှစ်ဖြစ်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း  လျှပ်စစ်ဓာတ်အားရရှိမှု ၅၅ ဒသမ ၇၂ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်း ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

သုံးနှစ်နီးပါးအတွင်း လျှပ်စစ်ကဏ္ဍတွင် ကျပ် ၂၃၂၇ ဘီလျံကျော် ရင်းနှီးမြှုပ်နှံပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၉၀၀ ကျော် ထပ်တိုးထုတ်လုပ်ခဲ့ပြီး လာမည့် ၂၀၂၀ ပြည့်နှစ် နှစ်လယ်ခန့်တွင် မဂ္ဂါဝပ် ၁၀၀၀ ကျော် ထပ်မံထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

“ လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားကို နှစ်စဉ် ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲနေတဲ့အတွက် နိုင်ငံတော်အနေနဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ အချိန်ကစပြီး လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေ အသုံးစရိတ်များမှာ လျှပ်စစ်ကဏ္ဍအတွက် ဦးစားပေးပြီး ခွဲဝေသတ်မှတ်ပေးခဲ့ပါတယ်။ ဒီလိုလျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၁၆ ခုနှစ် ဧပြီ မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ကာလအတွင်းမှာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသုံးရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ခြောက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တစ်ရုံ၊ စုစုပေါင်း ၁၀ ရုံ၊ လျှပ်စစ်ဓာတ်အား ၉၀၄ မဂ္ဂါဝပ်ကို တိုးတက်ထုတ်လုပ်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု ရာခိုင်နှုန်း ၅၀ ပြည့်မြောက်သည့် အခမ်းအနား၌ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent