(၂၅)မိနစ်တွင်ရရှိသည့် ပထမဂိုးမှာ ပွဲ၏အလှည့်အပြောင်းဖြစ်ခဲ့ပြီး အနိုင်(၃)မှတ်ရသည့်အတွက် ကျေနပ်မိသည်ဟု ရှမ်းနည်းပြချုပ် ဆို

(၂၅)မိနစ်တွင်ရရှိသည့် ပထမဂိုးမှာ ပွဲ၏အလှည့်အပြောင်းဖြစ်ခဲ့ပြီး အနိုင်(၃)မှတ်ရသည့်အတွက် ကျေနပ်မိသည်ဟု ရှမ်းနည်းပြချုပ် ဆို
Photos : Shan United Facebook
Photos : Shan United Facebook
Published 17 September 2020

ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင်က ချန်ပီယံဆုမျှော်လင့်ချက်အတွက် အရေးပါသည့်ပွဲတွင် အနိုင်(၃)မှတ်ရယူနိုင်သည့်အတွက် ကျေနပ်မိကြောင်းနှင့် (၂၅)မိနစ်တွင်ရရှိခဲ့သည့် ပထမဂိုးမှာ ပွဲ၏အလှည့်အပြောင်းဖြစ်ခဲ့ကြောင်း ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ပြိုင်ပွဲပြန်လည်စတင်ပြီးနောက်ပိုင်း ကစားထားသည့် (၇)ပွဲ စလုံး အနိုင်ရထားပြီး ဇယားထိပ်ပိုင်းမှ ဧရာဝတီ၊ ဟံသာဝတီတို့နှင့် (၄)မှတ်အကွာတွင် ရပ်တည်နေပြီး ချန်ပီယံဆုကာကွယ်နိုင်ရန် အခွင့်အရေးရှိနေဆဲဖြစ်သည်။

''အနိုင်(၃)မှတ် ရယူနိုင်ခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းကစားပုံကို အပြည့်အဝတော့ အားမရသေးပါဘူး။ ပထမပိုင်းမှာ ကစားပုံမကောင်းခဲ့ပါဘူး။ အထူးသဖြင့် ပွဲအစမိနစ်(၂၀)လောက်အထိ ကစားပုံမကောင်းခဲ့ပါဘူး။ (၂၅)မိနစ်မှာရရှိတဲ့ ပထမဂိုးက ပွဲရဲ့အလှည့်အပြောင်းဖြစ်ခဲ့ပြီး အဲဒီဂိုးရပြီးနောက်ပိုင်းမှာ ကစားပုံပြန်ကောင်းလာတာဖြစ်ပါတယ်။ ဂိုးရပြီးနောက်ပိုင်းမှာ ယုံကြည်မှုပြန်ရသွားပြီး ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ပြိုင် ပွဲပြန်စတဲ့အချိန်မှာ (၇)ပွဲစလုံး အနိုင်ရထားသလို နောက်ထပ်(၄)ပွဲကိုလည်း အနိုင်ကစားမှာပါ။ (၁၁)ပွဲစလုံး အနိုင်ရဖို့ ကစားသွားမှာဖြစ်ပြီး ရမှတ်(၃၃) မှတ်စလုံးရအောင် ကြိုးစားမှာပါ။ ချန်ပီယံဆုကာကွယ်နိုင်တာ၊ မကာကွယ်နိုင်တာက တစ်ပိုင်းပါ။ ကျွန်တော်တို့အသင်း ဘာလို့ရလဒ်တွေကောင်းနေသလဲဆိုတော့ အဓိကကတော့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်ပါတယ်။ သူတို့တွေ ကြိုးစားအားထုတ်အောင်လည်း ကျွန်တော်တို့ဘက်က အမြဲသင်ကြားပေးနေပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ထပ်တလဲလဲ လေ့ကျင့်ပေးနေတာလည်း ပါပါတယ်။ ကျွန်တော်တို့ကတော့ ပွဲတိုင်းကို အနိုင်ရအောင် ကစားသွားမှာပါ''ဟု ဦးအောင်နိုင်က ပြောကြားခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲရပ်နားသည့်ကာလတွင် ဇယားထိပ်ဆုံးမှအသင်းနှင့် တစ်ပွဲလျော့ (၁၀)မှတ်ကွာဟခဲ့သော်လည်း ပြိုင်ပွဲပြန်လည်စတင်ချိန်တွင် Southern၊ ရခိုင် (၂-ကျော့)၊ စစ်ကိုင်း၊ ဟံသာဝတီ၊  မကွေးနှင့် ရန်ကုန်အသင်းတို့ကို အနိုင်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် လက်ကျန်ပွဲများအဖြစ် အားကာသိပ္ပံ၊ Southern၊ ဧရာဝတီ၊ ရတနာပုံအသင်းတို့နှင့် ကစားရန်ကျန်ရှိနေပြီး ချန်ပီယံဆုကာကွယ်နိုင်ရန် လက်ကျန်ပွဲများ အနိုင်ရရန်အပြင် ဧရာဝတီနှင့် ဟံသာဝတီတို့ အမှတ် လျော့မှသာ မျှော်လင့်နိုင်မည်ဖြစ်သည်။

 

Most Read

Most Recent