မိမိနှင့် မက်ဆီတို့အကြား ဆက်ဆံရေး အဆင်ပြေကြောင်း ဘာစီလိုနာအသင်းနည်းပြသစ် ရော်နယ်လ်ကိုးမန်း ပြောကြား

မိမိနှင့် မက်ဆီတို့အကြား ဆက်ဆံရေး အဆင်ပြေကြောင်း ဘာစီလိုနာအသင်းနည်းပြသစ် ရော်နယ်လ်ကိုးမန်း ပြောကြား
Photos : Barcelona Twitter
Photos : Barcelona Twitter
Published 17 September 2020

ဘာစီလိုနာအသင်းနည်းပြသစ် ရော်နယ်လ်ကိုးမန်းက အသင်းခေါင်းဆောင် မက်ဆီနှင့် မိမိတို့အကြား ဆက်ဆံရေးမှာ အဆင်ပြေကြောင်း ပြောကြားခဲ့သည်။

အသက် (၃၃)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ၂၀၁၉-၂၀ ရာသီတွင် ဘာစီလိုနာအသင်း ဖလားလက်မဲ့ဖြစ်ခဲ့ပြီးနောက် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပေးရန် အသင်းထံ တောင်းဆိုခဲ့သည်။

သို့သော် ဘာစီလိုနာအသင်းက စာချုပ်လျော်ကြေး ယူရိုသန်း(၇၀၀) ရရှိမှသာ ထွက်ခွာခွင့်ပေးမည်ဟု အကြောင်းပြန်ခဲ့သဖြင့် မက်ဆီသည် ဘာစီလိုနာအသင်းတွင် စာချုပ်သက်တမ်းကုန်သည်အထိ ဆက်ကစားမည်ဟု ပြောကြားခဲ့သည်။

မက်ဆီနှင့် ဘာစီလိုနာအသင်း၏လက်ရှိစာချုပ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ဆယ်တီယန်၏နေရာတွင် အစားထိုးခြင်းခံရသူ ရော်နယ်လ်ကိုးမန်းက မက်ဆီနှင့် အသင်းကြားတွင် ပဋိပက္ခများရှိနေသော်လည်း မိမိနှင့် မက်ဆီ၏ဆက်ဆံရေးမှာ အဆင်ပြေကြောင်း ပြောကြားခဲ့သည်။

ရော်နယ်လ်ကိုးမန်းက ''ကျွန်တော့်အတွက် ဘာစီလိုနာအသင်းက မက်ဆီ ထွက်မယ်ဆိုတဲ့ကိစ္စက ပြီးဆုံးသွားပါပြီ။ ဒါက မက်ဆီနဲ့ ကလပ်အသင်းကြားက ပဋိပက္ခသာဖြစ်ပါတယ်။ အဲဒီပြဿနာအပြီးမှာ မက်ဆီနဲ့ ကျွန်တော် အရင်အတိုင်းပဲ စကား ပြောဖြစ်ပါတယ်''ဟု ဆိုခဲ့သည်။

မက်ဆီသည် ဇာဗီနှင့် အင်နီယေစတာတို့ ထွက်ခွာသွားပြီးနောက် အသင်း၏ကစားသမားခေါ်ယူမှုများကို ဝေဖန်ခဲ့သည်။

မက်ဆီသည် ဘာစီလိုနာအသင်းအတွက် (၁၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၇၃၁)ပွဲတွင် (၆၃၄)ဂိုး သွင်းယူထားပြီး အသင်းသမိုင်းတွင် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသည်။

 

Most Read

Most Recent