လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်တွင် ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာသန်း ၈၀၀ ခန့်ရရှိထားပြီး  ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၂၀ နီးပါး ပိုမိုရရှိထား

လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်တွင် ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာသန်း ၈၀၀ ခန့်ရရှိထားပြီး  ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၂၀ နီးပါး ပိုမိုရရှိထား
Published 16 September 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်တွင် ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာသန်း ၈၀၀ ခန့် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၂၀ နီးပါး ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ ၇၉၇ ဒသမ ၈၈၂ သန်းရရှိထားသည်။ ယခင်နှစ် ကာလတူတွင်မူ ဒေါ်လာ ၆၇၇ ဒသမ ၉၇၀ သန်း ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်တွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၁၉ ဒသမ ၉၁၂ သန်း ပိုမိုရရှိထားခြင်းဖြစ်သည်။

ပြည်တွင်း၌ မွေးမြူရေးစွမ်းအားများကို တိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဆိုပါက မကြာမီကာလအတွင်း ရေထွက်ကုန်တင်ပို့မှုသည် တစ်နှစ်လျှင် ဒေါ်လာတစ်ဘီလျံအထိ တိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“ပြည်တွင်းမှာလည်း မွေးမြူရေးစွမ်းအားတွေကို တိုးတက်လာအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် မကြာခင်ကာလမှာ ဒေါ်လာတစ်ဘီလျံလောက်အထိကို တင်ပို့နိုင်မယ့် အနေအထားဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ပြီးခဲ့သည့် အစိုးရ စတုတ္ထတစ်နှစ်တာ ကာလအတွင်း ပြည်ပသို့  ငါး၊ ပုစွန် ရေထွက်ကုန် ပစ္စည်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာသန်း ၇၃၀ ကျော်အထိ ရရှိထားသည်။

“ရေထွက်ပစ္စည်းပေါ့။ အဲဒီမှာ ရေချို ငါးမွေးမြူရေးနှင့် ရေငန်ငါးမွေးမြူရေးတွေမှာ တိုးတက်လာခဲ့တဲ့အတွက်ကြောင့်မို့ ငါးမွေးမြူရေးပို့ကုန်ကနေမှ ရေထွက်ပစ္စည်း ပို့ကုန်ကနေမှ ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၇၃၂ သန်းလောက် တင်ပို့နိုင်ခဲ့ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

 

Most Read

Most Recent