ကရင်အမျိုးသားပါတီ (KNP) က ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်နိုင်ရေး အလံလွှင့်ထူပွဲပြုလုပ်ခဲ့ပြီး COVID-19 ကြောင့် မဲဆွယ်စည်းရုံးရေး အခက်အခဲရှိနေဟုဆို

ကရင်အမျိုးသားပါတီ (KNP) က ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်နိုင်ရေး အလံလွှင့်ထူပွဲပြုလုပ်ခဲ့ပြီး COVID-19 ကြောင့် မဲဆွယ်စည်းရုံးရေး အခက်အခဲရှိနေဟုဆို
Photo- Karen Vote Karen political Party 2020 Election
Photo- Karen Vote Karen political Party 2020 Election
Published 15 September 2020
မခိုင် (လွိုင်ကော်)

ကရင်အမျိုးသားပါတီ (KNP) က ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွင် ရွေးကောက်ပွဲအောင်နိုင်ရေးအလံ လွှင့်ထူပွဲအခမ်းအနားကို ယနေ့ (စက်တင်ဘာ ၁၅ ရက်) တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဖားဆောင်းမြို့နယ်သည် ကယားပြည်နယ်အတွင်းရှိ ကရင်လူမျိုးများ အများဆုံးနေထိုင်သည့်ဒေသဖြစ်ပြီး ကရင်အမျိုးသားပါတီက ဖားဆောင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)နှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် စုစုပေါင်းသုံးနေရာတွင်  ရွေးကောက်ပွဲဝင်ရောက်မည်ဖြစ်သည်။

လက်ရှိတွင် COVID-19 ကြောင့် မဲဆွယ်စည်းရုံးရေး အခက်အခဲရှိနေကြောင်း ဖားဆောင်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁) ကိုယ်စားလှယ်လောင်း စောထောနေမူးက ပြောကြားသည် ။

“ခါတိုင်းလို ပွဲကြီးပွဲကောင်းမလုပ်ရဘူးလေ။ ရွေးကောက်ပွဲ ကော်မရှင်ကသတ်မှတ်ထားတဲ့ လူ ၅၀ ထက်မပိုရဆိုတဲ့ ကျန်းမာရေးစည်းကမ်းနဲ့ COVID ကာကွယ်တားဆီးရေး စည်းကမ်းပေါ့။ ဒီစည်းကမ်းနဲ့အညီတော့ လုပ်ရတာပေါ့။ လူစုလူဝေးမလုပ်ရဘူးဆိုတော့ မဲဆွယ်ဖို့အတွက် အခက်အခဲရှိတာပေါ့။ လူ ၅၀ ထက်ပို မစုရဘူးဆိုတော့။ ဘာလို့ဒီမှာ ယှဉ်ပြိုင်လည်းဆိုတော့ ကရင်တွေအများဆုံးနေတဲ့နေရာမှာ ဦးဆောင်ဦးရွက်ပြုနိုင်ဖို့။ မြန်မာ့နိုင်ငံရေးကို ပိုနိုးနိုးကြားကြားရှိလာဖို့၊ ဒီက ကရင်တွေနိုင်ငံရေးမှာ နိုးကြားလာဖို့ပါပဲ” ဟု စောထောနေမူးက ပြောကြားသည်။

ကရင်အများစုနေထိုင်သည့် ကျေးရွာများမှာ တောင်တန်းများကြားတွင် တည်ရှိနေသည့်အပြင် ယခင်ကစစ်ဘေးကြောင့် ရွာပုန်းရွာရှောင်များဖြစ်နေကြောင်း၊ လတ်တလောတွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို မစတင်နိုင်သေးသော်လည်း ကရင်လူငယ်များက ကရင်အမျိုးသားပါတီ (KNP)ကို ဝန်းရံကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

“ပါတီကို ကရင်လူကြီးပိုင်းတွေက လှည့်တောင်မကြည့်ဘူး။ ကိုယ့်ဘာသာ အတော်လေးပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲ လုပ်နေရတယ်။ ကျွန်တော်တို့မှာ ငွေကြေးခက်ခဲရှိတယ်။ ကရင်မျိုးဆက်သစ်လူငယ်တွေကတော့ ဝန်းရံတယ်။ ကရင်လူကြီးပိုင်း စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ချပါလုပ်ပါ လာပြောတာမရှိဘူး” ဟု စောထောနေမူးက ပြောကြားသည် ။

လက်ရှိတွင် NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့ကို ကရင်လူမျိုးများ ဝန်းရံနေသည်ကိုတွေ့ရကြောင်း၊ KNP ပါတီ အပေါ် အားကိုးမှု ရှိ မရှိဆိုသည်မှာ ရွေးကောက်ပွဲပြီးမှသာ အဖြေပေါ်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“ကျွန်တော်တို့က သဘာဝပတ်ဝန်းကျင်ထိန်းဖို့။ ကရင်စာပေ ကောင်းကောင်းသင်ကြားနိုင်ဖို့ ကရင်လူထုတွေနဲ့ တွေ့တဲ့အခါ ဒီလိုကတိမျိုးတော့ပေးနိုင်တယ်” ဟု စောထောနေမူးက ပြောကြားသည်။

ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းဒေသသည် ကရင်လူမျိုးများ အများဆုံးနေထိုင်ခဲ့ကြပြီး သတ္တုလုပ်ငန်းနှင့် ဖာလာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း။ အစိုးရအဆက်ဆက်တွင်လည်း သတ္တုလုပ်ငန်းကို ကရင်လူမျိုးများသာ ခဲကျင်းပိုင်ဆိုင်မှုအများဆုံးဖြင့်လုပ်ကိုင် လျက်ရှိနေကြောင်းသိရသည်။

ကရင်အမျိုးသားပါတီသည်  ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် တစ်နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ခြောက်နေရာနှင့် ကရင်တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်တစ်နေရာ၊ ပဲခူတိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်တစ်နေရာ၊ ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်းဒေသကြီးလွှတ်တော်တစ်နေရာ၊ ကယားပြည်နယ်တွင် ပြည်သူ့လွှတ်တော်တစ်နေရာ၊ ပြည်နယ်လွှတ်တော်တစ်နေရာ၊ အမျိုးသားလွှတ်တော်တစ်နေရာ စုစုပေါင်း ၁၃ နေရာ ပါဝင်ယှဉ်ပြိင်မည်ဖြစ်သည်။

 

 

Most Read

Most Recent