အရေးကြီးသည့်အချိန်ရောက်နေသဖြင့် Supply Chain မပြတ်တောက်စေရေး၊ ကုန်စည်စီးဆင်းမှုနှင့် ဆေးဝါးပစ္စည်းများ ပြတ်တောက်မှုမဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ပြောကြား

အရေးကြီးသည့်အချိန်ရောက်နေသဖြင့် Supply Chain မပြတ်တောက်စေရေး၊ ကုန်စည်စီးဆင်းမှုနှင့် ဆေးဝါးပစ္စည်းများ ပြတ်တောက်မှုမဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ပြောကြား
ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များ ဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)
ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များ ဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)
Published 15 September 2020
ဇေယျာငြိမ်း

အရေးကြီးသည့် အချိန်ရောက်နေသဖြင့် Supply Chain မပြတ်တောက်စေရေး၊  ခရီးသွားကန့်သတ်ချက်များကြောင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေး၊ ဆေးဝါးပစ္စည်းများ ပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

စက်တင်ဘာ ၁၄ က ပြုလုပ်သည့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား တားဆီး၊ ကုသနိုင်ရန်အတွက် အသွားအလာကန့်သတ်နေသည့်ကာလအတွင်း ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်စေရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့ခြင်းဖြစ်သည်။

COVID-19 ပထမလှိုင်းကို အောင်မြင်စွာဖြတ်ကျော်ခဲ့ပြီး COVID-19 ဒုတိယလှိုင်း ရိုက်ခက်မှုပြင်းထန်လာမှုအပေါ် ပြည်သူ၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများအနေဖြင့် တုန့်ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ကြောင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများရှိသကဲ့သို့ စားဝတ်နေရေးနှင့် စီးပွားရေးကိစ္စများကို ကျော်လွှားနိုင်ရန်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

COVID-19 ရောဂါသည် လူဦးရေထူထပ်ပါက အမြန်ဆုံးပြန့်ပွားတက်ကြောင်း ရန်ကုန်တိုင်းအတွေ့အကြုံအရ သိရှိရပြီး မိမိတို့ဝန်ထမ်းအနေဖြင့်လည်း မည်ကဲ့သို့ ပါဝင်ဆောင်ရွက်နိုင်မည်၊ ကုန်စည်စီးဆင်းမှု  လုပ်ငန်းများတွင် အထောက်အကူပြုရေးအတွက် ဆောင်ရွက်သင့်သည်များကိုလည်း ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေး အကြံပြုပေးကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

COVID-19 အမျိုးသားအဆင့်ဗဟို ကော်မတီ၏ညွှန်ကြားချက်နှင့်အညီ ကျန်းမာရေး စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများ၊ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအေးမောင်က ရှင်းလင်းတင်ပြခဲ့ပြီး ရန်ကုန်မြို့တော်ဝန်က ကုန်စည်စီးဆင်းမှုမှန်ကန်ရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တက်ရောက်လာသည့် ကုန်သည်စက်မှုအသင်းများမှ တာဝန်ရှိသူများကလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်အထိ စာရင်းများအရ နိုင်ငံတော်က ဆောင်ရွက်ပေးမှုအနေဖြင့် ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများသို့ ပထမအကြိမ်ထောက်ပံ့ကြေးအဖြစ် ကျပ် ၇၁ ဒသမ ၁၀၃ ဘီလျံ၊ ဒုတိယအကြိမ်အဖြစ် ကျပ် ၂၁၈ ဒသမ ၁၁၂ ဘီလျံ၊ တတိယအကြိမ်အဖြစ် ၁၁၃ ဒသမ ၅၃၅ ဘီလျံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှတဆင့် ထောက်ပံ့ငွေ ကျပ် ၉၂ ဒသမ ၆၁၂ ဘီလျံ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများနှင့် မသန်စွမ်းပုဂ္ဂိုလ်များအပါအဝင် အခြားထောက်ပံ့သင့်သည့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှတဆင့် ထောက်ပ့ံငွေကျပ် ၃၅ ဒသမ ၉၂၃ ဘီလျံ၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသုံးပြုရန် ကျပ် ၂၆၇ ဒသမ ၉၀၃ ဘီလျံ၊ စားသောက်ဆိုင်နှင့်  လက်ဖက်ရည်ဆိုင်များသို့ ထုတ်ချေးငွေကျပ် ဘီလျံ ၁၀၀၊ အသေးစားချေးငွေလုပ်ငန်းများသို့ ထုတ်ချေးငွေ ကျပ်ဘီလျံ ၁၀၀၊ COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက တာဝန်ယူဆောင်ရွက်သည့် COVID-19 Fund မှ ထုတ်ချေးငွေ ကျပ်ဘီလျံ ၂၀၀၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ထုတ်ချေးငွေ ကျပ်ဘီလျံ ၆၀၀၊ ၂၀၂၀ ပြည့်နှစ် ဧပြီ၊ မေနှင့် ဇွန်လများအတွက် လျှပ်စစ်ဓာတ်အားခများအတွက် ထောက်ပံ့ငွေကျပ် ၁၀၇ ဒသမ ၃၇၉ ဘီလျံနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားခ ထောက်ပ့့ငွေ ကျပ် ၁ ဒသမ ၅၁၈ ဘီလျံ၊ စုစုပေါင်းကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလျံ လျာထားသတ်မှတ်ကာ ထောက်ပံ့ပေးခဲ့ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

Most Read

Most Recent