၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လနီးပါးတွင် သွင်းကုန်တင်သွင်းမှုမြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော် ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၆၉၀ နီးပါး ပိုမိုဖြစ်ပေါ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လနီးပါးတွင် သွင်းကုန်တင်သွင်းမှုမြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော် ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၆၉၀ နီးပါး ပိုမိုဖြစ်ပေါ်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)
Published 12 September 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ၁၁ လနီးပါးတွင် သွင်းကုန်တင်သွင်းမှု မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော် ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၆၉၀ နီးပါးပိုမိုဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မြန်မာနိုင်ငံမှ တင်ပို့ထားသည့် ပို့ကုန်ပမာဏထက် ပြည်ပနိုင်ငံများမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏက ပို၍များနေခြင်းဆိုလိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၂၈ ရက်အထိ ၁၁ လ နီးပါးတွင် ပြည်ပမှ သွင်းကုန်တင်သွင်းမှုမှာ ဒေါ်လာ ၁၇ ဒသမ ၆၀၇ ဘီလျံအထိ ရှိသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့ထားသည့် ပို့ကုန်ပမာဏမှာ ဒေါ်လာ ၁၅ ဒသမ ၉၇၆ ဘီလျံသာ ရှိသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှုကို နှိုင်းယှဉ်ကြည့်ပါက သွင်းကုန်တင်သွင်းမှုက ပို့ကုန်တင်ပို့မှုထက် ဒေါ်လာ ၁ ဒသမ ၆၃၀ ဘီလျံ ပို၍များနေကြောင်း ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၁ လနီးပါးတွင် သွင်းကုန်တင်သွင်းမှု မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာ ၁ ဒသမ ၆၃၀ ဘီလျံ ဖြစ်ပေါ်ခဲ့သည်။

ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၉၄၁ ဒသမ ၆၁၁ သန်းသာ ဖြစ်ပေါ်ခဲ့သည့်အတွက် လက်ရှိဘဏ္ဍာနှစ် ၁၁ လနီးပါးတွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၈၉ ဒသမ ၃၂ သန်း မိုမိုဖြစ်ပေါ်ခဲ့သည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၈၀ ခန့်သာ ပိုမိုတင်ပို့ထားနိုင်သော်လည်း သွင်းကုန်တင်သွင်းမှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၁၆ ဘီလျံအထိ ပိုမိုတင်သွင်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှု မြင့်တက်လာစေရန် ပို့ကုန်မဟာဗျူဟာ ရေးဆွဲကာ အကောင်အထည်ဖော်နေသကဲ့သို့ တခြားတဖက်တွင်လည်း ပြည်တွင်းလိုအပ်ချက်များကြောင့် ပြည်ပမှ မဖြစ်မနေတင်သွင်းရသည့် ကုန်စည်များကိုလည်းလျှော့ချ၍ မရနိုင်သေးသောကြောင့် ကုန်သွယ်မှုလိုငွေ လျှော့ကျလာအောင် ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် အနည်းငယ်အခက်အခဲများ ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။

“ တကယ်လက်တွေ့လုပ်တဲ့အခါကျတော့ ကိုယ်ပြည်တွင်းလည်း စားသုံးမှုအား ကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း အထူးသဖြင့် အသေးစား၊ အလတ်စား လုပ်ငန်းတွေမှာ ကုန်ကြမ်းလိုအပ်တော့။ ဥပမာမွေးမြူရေးက တက်လာတယ်။ ကြက်စာအရမ်းတင်သွင်းဖြစ်တယ်။ ပဲပိစပ်ကြိတ်ဖက်ဆိုရင် ဟိုတုန်းက တန်ချိန်နှစ်သောင်းလောက် တစ်နှစ်ကို အခုဆိုတန်ချိန် ငါးသောင်းအထိ သွင်းလာတဲ့အခါကျတော့ ခွင့်ပြုရတာပဲ။ ဒါမှလဲ ဒီဘက်ကလုပ်ငန်းတွေက တိုးတက်မှာ ဒါတွေကလျော့လို့မရဘူးလေ။ တချို့ကလည်း ခရီးသွားတက်လာတဲ့အခါမှာ ဒီမှာမထုတ်နိုင်တဲ့ ဝက်အူချောင်းတို့ အကောင်းစားငါးတွေ တင်သွင်းရတာ ရှိတယ်။ စားအုန်းဆီကလည်း လျော့မပေးနိုင်ဘူး။ ဒီဇယ်မှာလည်း လျော့လို့မရဘူး။ ဆေးဝါးကလည်း လျော့လို့မရဘူးဆိုတော့ အလှကုန်ပစ္စည်းကလည်း လျော့လို့မရဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ အမေရိကန် ဒေါ်လာသန်း ၅၀၀ အထိလျော့ချရန် မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံရရှိရန် ခန့်မှန်းထားပြီး ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၈ ဘီလျံအထိ တင်ပို့နိုင်ရန် ခန့်မှန်းထားသည်။

Most Read

Most Recent