ပင်လယ်ရေကြောင်းမှ သြဂုတ်လ တတိယပတ်အတွင်း အာရှ၊ အီးယူနှင့် အာဖရိကနိုင်ငံများသို့ မြန်မာ့ဆန်တန်ချိန် ၂၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၀၀၀၀ ကျော်ဖြင့် အများဆုံးတင်ပို့

ပင်လယ်ရေကြောင်းမှ သြဂုတ်လ တတိယပတ်အတွင်း အာရှ၊ အီးယူနှင့် အာဖရိကနိုင်ငံများသို့ မြန်မာ့ဆန်တန်ချိန် ၂၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၀၀၀၀ ကျော်ဖြင့် အများဆုံးတင်ပို့
 ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 10 September 2020
        နီလာ

ပင်လယ်ရေကြောင်းမှ သြဂုတ်လ တတိယပတ်အတွင်း အာရှ၊ အီးယူနှင့် အာဖရိကနိုင်ငံများသို့ မြန်မာ့ဆန်တန်ချိန် ၂၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၀၀၀၀ ကျော်ဖြင့် အများဆုံးတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

သြဂုတ် ၁၆ ရက်မှ ၂၂ ရက်တာကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၇ ဒသမ ၉၅၀ သန်းတန်ဖိုးရှိ  ဆန်တန်ချိန် ၂၀၀၀၀ ကျော်  တင်ပို့နိုင်ခဲ့သည်။  တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၀၀၀၀ ကျော်၊ အီးယူနိုင်ငံများသို့ ဆန်တန်ချိန် ၄၀၀၀ ကျော်နှင့် အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၃၀၀၀ ကျော် တင်ပို့နိုင်သဖြင့်  ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင်  ဆန်တန်ချိန် ၁၅၀၀ ခန့် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၂ ဒသမ ၁၃၇ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၇၀၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ အီးယူနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၂၅၀၀ ကျော်နှင့် အာရှနိုင်ငံများသို့  တန် ၅၀၀ ခန့်  တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၃၀၀ ကျော် လျော့နည်းခဲ့သည်။ ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲတင်ပို့မှု  စုစုပေါင်း တန်ချိန် ၃၀၀၀၀ ကျော် တင်ပို့နိုင်သဖြင့်  ယခင်တစ်ပတ်တင်ပို့မှုနှင့်  နှိုင်းယှဉ်လျှင် တန်ချိန် ၈၀၀ ကျော် လျော့နည်းခဲ့သည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ကုန်ဆုံးချိန်၌ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းခွဲခန့်အထိ တင်ပို့နိုင်မည့်အခြေအနေရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

“တစ်နှစ်ကို ဆန်တန်ချိန် နှစ်သန်းအထက် တင်ပို့နိုင်ခဲ့ပြီး ဒီနှစ်မှာ ၂ ဒသမ ၅ သန်းလောက်အထိ တင်ပို့နိုင်မယ့်အနေအထားဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်သည် ၂၀၂၀ စက်တင်ဘာ၌ ကုန်ဆုံးမည်ဖြစ်ပြီး ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လကျော်သာကျန်ရှိသည်။

ပြည်ပဝယ်လိုအား မြင့်တက်နေမှုကြောင့် လာမည့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် လက်ရှိဘဏ္ဍာနှစ်တွင် လျာထားပမာဏတန်ချိန် ၂  ဒ သမ ၄ သန်းထက် ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

“လက်ရှိအခြေအနေနဲ့ ရာသီဥတုလည်း ကောင်းမယ်။ ထွက်ရှိမှုလည်းကောင်း မယ်ဆိုရင်တော့ ဝယ်လိုအားတွေလည်းကောင်းတဲ့အတွက် လာမယ့်ဘဏ္ဍာနှစ်မှာ ဆန်တင်ပို့နိုင်မှုက လက်ရှိနှစ်ထက် ကောင်းမယ်လို့ မျှော်မှန်းလို့ရပါတယ်” ဟု ဦးလူမော်မြင့်မောင်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေပိုမိုမြင့်တက်လာစေရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များ အမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု ရာခိုင်နှုန်း ၃၀ အထိ မြင့်တက်ခဲ့သဖြင့် ဆန်နှင့် ဆန်ကွဲတန်ချိန် သုံးသန်းကျော် တင်ပို့နိုင်ခဲ့သည်။

လက်ရှိဘဏ္ဍာနှစ် ၁၁ လခန့်၌ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၄ သန်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၇၄၀ ခန့်ရရှိထားပြီး တရုတ်နိုင်ငံသို့ ဆန်အများဆုံးနှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲအများဆုံး တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၂၁ ရက်အထိ ၁၁ လခန့်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲစုစုပေါင်း တန်ချိန် ၂ ဒသမ ၄၂၈ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၇၃၈ ဒသမ ၃၂၉ သန်းရရှိထားသည်။

အဆိုပါကာလအတွင်း နိုင်ငံပေါင်း ၆၆ နိုင်ငံသို့ ဆန်တန်ချိန် ၁ ဒသမ ၅၂၅ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၄၉၄ ဒသမ ၆၈၈ သန်း ရရှိထားပြီး တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ငါးသိန်းကျော်အထိ အများဆုံး တင်ပို့ထားခြင်းဖြစ်သည်။     

                    

Most Read

Most Recent