လက်ရှိဖြစ်ပွားနေသော COVID-19 အခြေအနေကြောင့် Air Thanlwin လေကြောင်းလိုင်း၏ ပုံမှန်ပျံသန်းနေသော ပြည်တွင်းခရီးစဉ်များ စက်တင်ဘာ ၁၀ ရက်မှ ၂၄ ရက်အထိ ခေတ္တရပ်ဆိုင်း

လက်ရှိဖြစ်ပွားနေသော COVID-19 အခြေအနေကြောင့် Air Thanlwin လေကြောင်းလိုင်း၏ ပုံမှန်ပျံသန်းနေသော ပြည်တွင်းခရီးစဉ်များ စက်တင်ဘာ ၁၀ ရက်မှ ၂၄ ရက်အထိ ခေတ္တရပ်ဆိုင်း
Air Thanlwin လေကြောင်းလိုင်းမှ လေယာဉ်များအား တွေ့ရစဉ်
Air Thanlwin လေကြောင်းလိုင်းမှ လေယာဉ်များအား တွေ့ရစဉ်
Published 8 September 2020

လက်ရှိဖြစ်ပွားနေသော COVID-19 အခြေအနေများကြောင့် Air Thanlwin လေကြောင်းလိုင်း၏ ပုံမှန်ပျံသန်းနေသော ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၀ ရက်မှ စက်တင်ဘာ ၂၄  ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့တွင် လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါအခြေအနေများကြောင့် မြန်မာနိုင်ငံဒေသအသီးသီးသို့ ဝင်ရောက်မည့် ခရီးသွားများအနေဖြင့် Quarantine အစီအစဉ်များ သတ်မှတ်ထားခြင်းကြောင့် လေကြောင်းဖြင့်ခရီးသွားမည့် ခရီးသွားများ နည်းပါးလာနေခြင်းဖြစ်သည်။

သို့ဖြစ်၍ ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air Thanlwin လေကြောင်းလိုင်းက ၎င်းတို့ ပုံမှန်ပျံသန်းနေသော ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၀ ရက်မှ စက်တင်ဘာ ၂၄ ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

Air Thanlwin လေကြောင်းလိုင်းသည် ရန်ကုန်မြို့အခြေပြု၍ မန္တလေး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ မြစ်ကြီးနား၊ စစ်တွေမြို့များသို့လည်းကောင်း၊ မန္တလေးမြို့အခြေပြု၍ ရန်ကုန်၊ ခန္တီး၊ ကျိုင်းတုံ၊ မြစ်ကြီးနားနှင့် တာချီလိတ်မြို့များသို့လည်းကောင်း၊ ဟဲဟိုးမြို့အခြေပြု၍ ရန်ကုန်၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့လည်းကောင်း ခရီးစဉ်များ ပျံသန်းနေခြင်း ဖြစ်သည်။

ယင်းသို့ Air Thanlwin လေ ကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်ပျံသန်းမှုများကို ရပ်နားထားသော်လည်း နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းအပါအဝင် အခြားပြည်တွင်းလေကြောင်းလိုင်းများမှာ ၎င်းတို့၏ ပြည်တွင်းခရီးစဉ်ပျံသန်းမှုများကို ပုံမှန်အတိုင်း ဆက်လက်ပျံသန်းနေကြောင်း သိရသည်။

“ မြန်မာအမျိုးသားလေကြောင်းလိုင်းကတော့ နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်တဲ့အတွက် ပြည်တွင်းခရီးစဉ်ပျံသန်းမှုတွေကို ပုံမှန်အတိုင်း ဆက်လက်ပျံသန်းနေပြီး ရခိုင်ပြည်နယ်က မြို့တွေကိုလည်း အထူးလေကြောင်းခရီးစဉ်အနေနဲ့ ပျံသန်းနေပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ ကိုင်ရိုစတဲ့မြို့တွေအပါအဝင် ပြည်ပနိုင်ငံတွေကိုလည်း ကယ်ဆယ်ရေးခရီးစဉ်တွေ ပျံသန်းနေပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ Capt သန်းထွန်းက ပြောကြားသည်။

အခြားပြည်တွင်းလေကြောင်းလိုင်း တစ်ခုဖြစ်သည့် Air KBZ လေကြောင်းလိုင်းက ၎င်းတို့ ပျံသန်းနေသည့် ပြည်တွင်းခရီးစဉ်များကို ရပ်နားခြင်းမရှိဘဲ ပုံမှန်ပျံသန်းနေသည်ဟု ယင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Golden Myanmar လေကြောင်းလိုင်းကမူ ၎င်းတို့ပျံသန်းနေသည့် ပြည်တွင်းခရီးစဉ်များအားလုံးကို ရပ်နားခြင်းမရှိသေးဘဲ ခရီးသည်ရရှိမှုအပေါ် မူတည်၍ ဆက်လက်ပျံသန်းသွားမည်ဟု ယင်းလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ ဦးကျော်ငြိမ်းက ပြောကြားသည်။

လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ကာလအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ်၊ မတ် ၃၀ မှစတင်ပြီး ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

COVID-19 ရောဂါ မြန်မာနိုင်ငံတွင်း ကူးစက်ပြန့်ပွားမှုကိုထိရောက်စွာ ထိန်းချုပ်ရန် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၃၀ အထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း သြဂုတ် ၂၆ ရက်က ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

Most Read

Most Recent