ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်အတွက် Swiss Challenge တင်ဒါခေါ်ယူနိုင်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်း အပ်နှံစာချုပ် လက်မှတ်ရေးထိုး

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်အတွက် Swiss Challenge တင်ဒါခေါ်ယူနိုင်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်း အပ်နှံစာချုပ် လက်မှတ်ရေးထိုး
Swiss Challenge ခေါ်ယူနိုင်ရေး အကြံပေးဝန်ဆောင်မှု လုပ်ငန်းအပ်နှံစာချုပ် လက်မှတ်ရေးထိုးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-MIFER)
Swiss Challenge ခေါ်ယူနိုင်ရေး အကြံပေးဝန်ဆောင်မှု လုပ်ငန်းအပ်နှံစာချုပ် လက်မှတ်ရေးထိုးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-MIFER)
Published 5 September 2020
ဇေယျာငြိမ်း

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်အတွက် ဆွစ်ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) ခေါ်ယူနိုင်ရေး အကြံပေးဝန်ဆောင်မှု လုပ်ငန်းအပ်နှံစာချုပ်ကို စက်တင်ဘာ ၄ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) မှ ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်တွင် ပါဝင်သည့်လုပ်ငန်းစီမံကိန်းများအနက် စီးပွားဖြစ်ရပ်တည်နိုင်စွမ်းရှိမှုသေချာသည့် စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများကို ဦးစွာအကောင်အထည် ဖော်ဆောင်ရွက်ရန် ဆွစ်ယှဉ်ပြိုင်တင်ဒါ Swiss Challenge ခေါ်ယူနိုင်ရေး အကြံပေးဝန်ဆောင်မှု လုပ်ငန်းအပ်နှံစာချုပ် လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်ခန်းမတို့၌ ဗီဒီယိုကွန်ဖရန့်စနစ်ဖြင့် ချိတ်ဆက်ကျင်းပခဲ့ခြင်း ဖြစ်သည်။

Swiss Challenge တင်ဒါကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးနှင့် Roland Berger Pte.Ltd. မှ တာဝန်ရှိသူတို့က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ရှေ့မှောက်တွင် အကြံပေးဝန်ဆောင်မှု အပ်နှံစာချုပ်ကို လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြသည်။

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းသစ်တွင် ပါဝင်သည့် လုပ်ငန်းစီမံကိန်းများအနက် စီးပွားရေးရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများကို ဦးစွာအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာစံနှုန်းနှင့်အညီ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုတို့ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အဆိုပါလက်မှတ်ရေးထိုးပွဲတွင် ပြောကြားသည်။

ဆွစ်ယှဉ်ပြိုင်တင်ဒါ Swiss Challenge ဆိုသည်မှာ ကုမ္ပဏီတစ်ခုက မိမိလုပ်ကိုင်လိုသည့် စီမံကိန်းတစ်ခုကို အစ၊ အဆုံး အကုန်ကျခံလေ့လာစစ်တမ်းပြုလုပ်၍ စီမံကိန်းပုံစံထုတ်ပေးရမည်ဖြစ်ပြီး စီမံကိန်းပုံစံ ထွက်ရှိလာပါက ယင်းကုမ္ပဏီသည် အခြားသောကုမ္ပဏီများနှင့်အတူ စျေးပြိုင်တင်ဒါ ဝင်ပြိုင်ရမည်ဖြစ်သည်။

အကယ်၍ တင်ဒါမအောင်မြင်ခဲ့ပါက တင်ဒါအောင်မြင်သည့်ကုမ္ပဏီက စီမံကိန်း ပုံစံထုတ်လုပ်ခဲ့သည့် မူလကုမ္ပဏီကို ကုန်ကျစရိတ် ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။

စီမံကိန်းဆောင်ရွက်ခြင်းကြောင့် ရန်ကုန်မြို့တော်တွင် စက်မှုလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ပြီး COVID-19 ရောဂါကြောင့် နိုင်ငံ့စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများ လျော့ပါးစေရေးနှင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းအသစ်များ ဖန်တီးနိုင်ရေး အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်စေရန်နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများအပြား ဆွဲဆောင်နိုင်ရန်အတွက် လိုအပ်လျက်ရှိသည့် ခေတ်မီအခြေခံအဆောက်အအုံများကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ယခုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးအရ အချက်အချာကျပြီး မြန်မာ့အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၂၆ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိရာ ရန်ကုန်မြို့တော်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာသည့်နှင့်အမျှ ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

ယင်းကဲ့သို့ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းသည် ရန်ကုန်မြို့အနောက်ဘက်ကမ်းတွင် ခေတ်မီမြို့သစ် ဖော်ဆောင်နိုင်ရေး ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ရန် ခြေလှမ်းသစ်တစ်ရပ်ကို အစပြုမည့် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အဆိုပါစီမံကိန်းကို ရန်ကုန်မြို့သစ်အနောက်ဘက်ခြမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး အနည်းဆုံးလူဦးရေ သုံးသန်းကျော် နေထိုင်နိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း နှစ်သန်းကျော် ဖန်တီးပေးနိုင်ရန် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါစီမံကိန်းတွင် စက်မှုဇုန်၊ တန်ဖိုးနည်းအိမ်ရာများနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent