၂၀၁၉-၂၀ ရာသီ ဥရောပအကောင်းဆုံးအသင်းကို ESM မှ ရွေးချယ်ခဲ့ပြီး ပရီးမီးယားလိဂ်နှင့် လီဗာပူးလ်အသင်းမှ ကစားသမားအများဆုံး ပါဝင်

၂၀၁၉-၂၀ ရာသီ ဥရောပအကောင်းဆုံးအသင်းကို ESM မှ ရွေးချယ်ခဲ့ပြီး ပရီးမီးယားလိဂ်နှင့် လီဗာပူးလ်အသင်းမှ ကစားသမားအများဆုံး ပါဝင်
Photo: Getty Images
Photo: Getty Images
Published 1 September 2020

ဥရောပအားကစားမီဒီယာများအဖွဲ့(ESM) သည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီအတွက် ဥရောပအကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ရာ ပရီးမီးယားလိဂ်နှင့် လီဗာပူးလ်အသင်းမှ ကစားသမားအများဆုံး ပါဝင်ခဲ့ကြောင်း သိရသည်။

ယခုရွေးချယ်မှုကို ESM ၏အဖွဲ့ဝင် ဥရောပထိပ်သီးအားကစားမီဒီယာများဖြစ်သော Marca၊ La Gazzetta dello Sport၊ Kicker တို့က ဦးဆောင်ခဲ့ပြီး ဆန္ဒမဲစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ESM သည် အဆိုပါ အကောင်းဆုံးအသင်းကို (၄-၃-၃)ပုံစံဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး တိုက်စစ်(၃)ဦးတွင် မက်ဆီ၊ လီဝန်ဒေါစကီးနှင့် ဟော်လန်း၊ ကွင်းလယ်(၃)ဦးတွင် ဒီဘရိုင်းနား၊ ဟန်ဒါဆန်နှင့် ဒီမာရီယာ၊ နောက်တန်း(၄)ဦးတွင် အာနိုးလ်၊ ဗန်ဒိုက်၊ အူပါမယ်ကာနိုနှင့် ရောဘတ်ဆန်၊ ဂိုးသမားနေရာတွင် စတီဂန်တို့ ရွေးချယ်ခံခဲ့ရသည်။ 

ထို့ကြောင့် ပရီးမီးယားလိဂ်မှ ကစားသမား (၅)ဦးပါဝင်ပြီး အများဆုံးဖြစ်ခဲ့သလို၊ လီဗာပူးလ်အသင်းမှ (၄)ဦးဖြင့် အများဆုံးဖြစ်ခဲ့သည်။ 

ယခုအသင်းတွင် ဥရောပထိပ်သီးလိဂ်(၅)ခုမှ ကစားသမားများသာ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သော်လည်း ထူးခြားသည်မှာ စီးရီးအေကစားသမားတစ်ဦးမျှ ရွေးချယ်မခံရခြင်းပင်ဖြစ်သည်။ 

ထို့ပြင် ဗန်ဒိုက်၊ ဒီဘရိုင်းနားနှင့် လီဝန်ဒေါစကီးတို့သည် ESM မှ ရွေးချယ်သည့် လအလိုက် ဥရောပအကောင်းဆုံးအသင်းတွင် (၅)ကြိမ်စီ ရွေးချယ်ခံခဲ့ရသူများဖြစ်ကြောင်းလည်း သိရသည်။

ESM သည် ဥရောပအကောင်းဆုံးအသင်းကို ၁၉၉၄-၉၅ ရာသီမှစ၍ နှစ်စဉ်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် အကြိမ်အများဆုံး ရွေးချယ်ခံရသူအဖြစ် ဦးဆောင်နေကြောင်းလည်း သိရသည်။

    

ESM ၏၂၀၁၉-၂၀ ရာသီ ဥရောပအကောင်းဆုံးအသင်း

-----------

ဂိုး - စတီဂန်(ဘာစီလိုနာ)

နောက် - အာနိုးလ်(လီဗာပူးလ်)၊ ဗန်ဒိုက်(လီဗာပူးလ်)၊ အူပါမယ်ကာနို(လိုက်ပ်ဇစ်)၊ ရောဘတ်ဆန်(လီဗာပူးလ်)

လယ် - ဒီဘရိုင်းနား(မန်စီးတီး)၊ ဟန်ဒါဆန်(လီဗာပူးလ်)၊ ဒီမာရီယာ(PSG)

ရှေ့ - မက်ဆီ(ဘာစီလိုနာ)၊ လီဝန်ဒေါစကီး(ဘိုင်ယန်မြူးနစ်)၊ ဟော်လန်း(ဆာလ်ဇ်ဘာ့ဂ်/ဒေါ့မွန်)

Most Read

Most Recent