ကစားသမားသစ်များ အားဖြည့်ခဲ့ပြီးနောက် နည်းပြ လမ်းပတ်အပေါ်တွင် ဖိအားပိုလာမည်ဖြစ်ပြီး ရလဒ်မကောင်းပါက ထုတ်ပယ်ခံရလိမ့်မည်ဟု ချယ်လ်ဆီးဂန္ထဝင်များ သုံးသပ်

ကစားသမားသစ်များ အားဖြည့်ခဲ့ပြီးနောက် နည်းပြ လမ်းပတ်အပေါ်တွင် ဖိအားပိုလာမည်ဖြစ်ပြီး ရလဒ်မကောင်းပါက ထုတ်ပယ်ခံရလိမ့်မည်ဟု ချယ်လ်ဆီးဂန္ထဝင်များ သုံးသပ်
Published 31 August 2020

ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်းအနေဖြင့် ငွေကြေးများစွာသုံးစွဲပြီး ကစားသမားသစ်များခေါ်ယူခြင်းမှာ နည်းပြ လမ်းပတ်အပေါ်တွင် ဖိအားပိုများလာစေမည်ဖြစ်ပြီး လာမည့် ၂၀၂၀-၂၁ ရာသီတွင် ရလဒ်ကောင်းများမရရှိခဲ့ပါက ရာထူးမှ ထုတ်ပယ်ခံရလိမ့်မည်ဟု ချယ်လ်ဆီးဂန္ထဝင်ကစားသမားများက သုံးသပ်ပြောကြားခဲ့ကြသည်။

ချယ်လ်ဆီးအသင်းတွင် ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ကစားခဲ့ဖူးသော စကော့တလန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ခရိတ်ခ်ဘာလေက ESPN  တွင် ''သူ့ (လမ်းပတ်)အနေနဲ့ အသင်းရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ သူ ဒီအသင်းက ထွက်ရမှာပါ။ လမ်းပတ်ဟာ သူ့ရဲ့ထိုက်တန်မှုကို ပြသဖို့လိုအပ်နေပြီဆိုတာ သူ သိပါတယ်။ ပြီးခဲ့တဲ့ရာသီ အသင်းသွားနေတဲ့လမ်းကြောင်းကို ကြည့်ရင် ဒီအသင်းမှာ မျှော်လင့်ချက်တွေ ရှိနေတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ အသင်းရဲ့ခံစစ်ပုံစံကိုတော့ စိုးရိမ် မိပါတယ်''ဟု ဝေဖန်သုံးသပ်ပြောကြားခဲ့သည်။ 

ထို့အတူ ချယ်လ်ဆီးအသင်းတွင် ၁၉၉၂ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ကစားခဲ့ဖူးသော အိုင်ယာလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ကက်စ်ကာရီနိုကလည်း လမ်းပတ်အနေဖြင့် ရှုံးပွဲများစွာ ကြုံတွေ့လျှင် အသင်းနှင့် လမ်းခွဲရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။ 

၎င်းက ''တကယ်လို့သာ လာမယ့်ရာသီမှာ ချယ်လ်ဆီးအသင်းအနေနဲ့ တစ်ရာသီအတွင်း ရှုံးပွဲ (၁၇)ပွဲ ရှိလာခဲ့ရင် လမ်းပတ်ဟာ ချယ်လ်ဆီးနည်းပြအဖြစ် ဆက်ရှိနေမှာမဟုတ်ပါဘူး''ဟု Talk SPORT သို့ ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ဘောလုံးရာသီက ပရီးမီးယားလိဂ်ရှုံးပွဲ(၁၂)ပွဲအပါအဝင် ပြိုင်ပွဲစုံ (၁၇)ပွဲအထိ ရှုံးနိမ့်ခဲ့ခြင်းကြောင့် ကက်စ်ကာရီနိုက ယင်းကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။ 

ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း  ဇီယာ့ရှ်၊ တီမိုဗာနာ၊ ချီဝဲလ်၊ သီယာဂိုဆေးလ်ဗား၊ မာလန်ဆား အစရှိသည့် ကစားသမားသစ်များကို ခေါ်ယူထားပြီး သုံးစွဲငွေစုစုပေါင်းမှာ ပေါင်သန်း(၁၂၀)ကျော်သွားခဲ့ပြီဖြစ်သည်။ 

Most Read

Most Recent