လီဗာပူးလ်ကို အနိုင်ယူပြီး ကွန်မြူနတီဒိုင်းပြိုင်ပွဲရဲ့ ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်လာတဲ့ အာဆင်နယ်

လီဗာပူးလ်ကို အနိုင်ယူပြီး ကွန်မြူနတီဒိုင်းပြိုင်ပွဲရဲ့ ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်လာတဲ့ အာဆင်နယ်
Photos: Arsenal
Photos: Arsenal
Published 30 August 2020

၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်နဲ့ FA ဖလားချန်ပီယံ အာဆင်နယ်အသင်းတို့ ဝင်ဘလေကွင်းမှာ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး (၁၆)ကြိမ်မြောက် ကွန်မြူနတီဒိုင်း ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ ကွန်မြူနတီဒိုင်းပြိုင်ပွဲသမိုင်းမှာ မန်ယူအသင်း (ချန်ပီယံ ၂၁ ကြိမ်)အပြီး ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်လာခဲ့သလို ပြိုင်ပွဲရဲ့နောက်ဆုံး (၇)ကြိမ်မှာ (၄)ကြိမ်မြောက်ဗိုလ်စွဲခြင်းလည်းဖြစ်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြအာတီတာအတွက်လည်း ပြီးခဲ့တဲ့ရာသီမှာ FA ဖလားနဲ့ပိတ်သိမ်းပြီး မျက်နှာပန်းလှခဲ့သလို၊ လာမယ့်ရာသီအစကိုလည်း ကွန်မြူနတီဒိုင်းအောင်ပွဲနဲ့အတူ မျက်နှာပန်းလှလှကြိုဆိုနိုင်ခဲ့တယ်လို့ပဲဆိုရပါမယ်။

နိုင်ပွဲရဖို့ရေပန်းစားတာက ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးလ်အသင်းဖြစ်ပေမယ့် အာဆင်နယ်အသင်းရဲ့တည်ငြိမ်တဲ့တုံ့ပြန်မှုက လီဗာပူးလ်ကို အခက်တွေ့စေခဲ့တာပါ။

လီဗာပူးလ်နည်းပြကလော့ပ်ဟာ ပွဲကြိုစကားတွေအတိုင်း ဒီပွဲကိုဂရုတစိုက်ပွဲထွက်လာခဲ့ပြီး  အာနိုးလ်မပါဝင်နိုင်တာကလွဲလို့ အယ်လစ်ဆန်၊ ဗန်ဒိုက်၊ ရောဘတ်ဆန်၊ ဝိုင်နယ်လ်ဒမ်း၊ ဖာဘင်ညို၊ ဖေမီနို၊ ဆာလာ၊ မာနေတို့နဲ့ အတောင့်တင်းဆုံးပွဲထွက်လာခဲ့တာပါ။

အာဆင်နယ်အသင်းကတော့ အူဘာမီယန်း၊ ချာကာ၊ ဘယ်လာရင်၊ ဒေးဗစ်လူးဝစ်ဇ်တို့လို ဝါရင့်ကစားသမားတွေကို လူငယ်တွေနဲ့တွဲဖက်ပွဲထုတ်ခဲ့ပြီး ရာသီသစ်အတွက် ယုံကြည်စရာကစားပုံကိုပြနိုင်ခဲ့ပါတယ်။ 

ပွဲစကတည်းက လီဗာပူးလ်အသင်း ကစားကွက်စီးဖို့ကြိုးစားခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ မာထန်တဲ့တုံ့ပြန်မှုတွေက အခက်တွေ့စေခဲ့တာပါ။

အဖွင့်ဂိုးကိုလည်း အာဆင်နယ်အသင်းကပဲ ရရှိသွားတာဖြစ်ပြီး ပွဲချိန် (၁၂)မိနစ်မှာပဲ ဆာကာရဲ့ပေးပို့မှုကနေ အူဘာမီယန်းက ထောင့်ဖြတ်အပြင်းကန်ချက်နဲ့ လှလှပပကန်သွင်းယူခဲ့ပါတယ်။

ဂိုးရပြီးနောက်ပိုင်းမှာ အာဆင်နယ်ကစားပုံပိုကောင်းလာခဲ့ပြီး လီဗာပူးလ်အသင်းကတော့ ချေပဂိုးရဖို့အတွက် ဖိအားပိုဝင်သွားသလိုမျိုးတွေ့ရပါတယ်။

လီဗာပူးလ်အသင်းရဲ့တိုက်စစ်ကို အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းက ဟာကွက်မပေးဘဲ အကောင်းဆုံးထိန်းချုပ်မှုတွေပြုလုပ်နိုင်ခဲ့တာကြောင့်လည်း လီဗာပူးလ်တို့ချေပဂိုးရဖို့ခက်ခဲ့တာပါ။

ပထမပိုင်းမှာတော့ (၁-ဝ)ဂိုးနဲ့ပဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ ပွဲရဲ့အရှိန်ကပိုမြင့်လာခဲ့ပါတယ်။

လီဗာပူးလ်အသင်းက ကီတာ၊ မီနာမီနိုတို့ကို ထည့်သွင်းကာ တိုက်စစ်ပိုင်းအပြောင်းအလဲလုပ်ခဲ့လို့ ကစားပုံပိုတည်ငြိမ်လာသလိုရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ ချေပဂိုးမပေးရဖို့ကိုပဲ အဓိကဦးတည်ကစားနေလို့ လီဗာပူးလ်အသင်းအခွင့်အရေးတွေရလာခဲ့ပါတယ်။

လီဗာပူးလ်အတွက်ချေပဂိုးကို ပွဲချိန် (၇၃)မိနစ်မှာ မီနာမီနိုက သူ့ရဲ့ လီဗာပူးလ်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးအဖြစ်သွင်းယူပေးခဲ့တာပါ။

(၁-၁)ဂိုးအနေအထားမှာ (၂)သင်းစလုံး အမှားစောင့်ကစားခဲ့ကြလို့ ဘောလုံးဟာ ကွင်းလယ်မှာအပျက်များနေပြီး ရရှိတဲ့အခွင့်အရေးတွေကိုလည်း အသုံးမချနိုင်ခဲ့ကြလို့ သရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ လီဗာပူးလ်အသင်း ဘရူးစတားကန်ချက်လွဲချော်ခဲ့ပြီး၊ အာဆင်နယ်အသင်းက (၅)ဂိုးစလုံး ဂိုးဝင်ခဲ့တာကြောင့် ပယ်နယ်တီ (၅-၄)ဂိုးနဲ့ ကွန်မြူနတီဒိုင်းချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းကတော့ ၂၀၀၆ ခုနှစ်နောက်ပိုင်း ကွန်မြူနတီဒိုင်းချန်ပီယံဆုနဲ့ ဝေးကွာမှုကို အဆုံးသတ်ဖို့ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ ပြိုင်ပွဲ (၂)ကြိမ်ဆက်ရှုံးနိမ့်ခြင်းဖြစ်ခဲ့ပါတယ်။ 

Most Read

Most Recent