ရော်နယ်လ်ကိုးမန်းနှင့်မိမိ စကားပြောဆိုထားခြင်းမရှိဟု ဒီပိုင်းဖွင့်ဟ

ရော်နယ်လ်ကိုးမန်းနှင့်မိမိ စကားပြောဆိုထားခြင်းမရှိဟု ဒီပိုင်းဖွင့်ဟ
Photo:AFP
Photo:AFP
Published 29 August 2020

လိုင်ယွန်အသင်း၏ နယ်သာလန်တိုက်စစ်မှူး ဒီပိုင်း (၂၆ နှစ်)က မိမိအနေဖြင့် အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ဘာစီလိုနာနည်းပြ ရော်နယ်လ်ကိုးမန်းနှင့် စကားပြောဆိုထားခြင်းမရှိကြောင်း ဖွင့်ဟခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဘာစီလိုနာအသင်းနည်းပြသစ်ဖြစ်လာသူ နယ်သာလန်လူမျိုးနည်းပြ ရော်နယ်လ်ကိုးမန်းသည် ၎င်း၏ယခုနွေရာသီပစ်မှတ်ကစားသမားစာရင်းတွင် ဒီပိုင်းဟာ ထည့်သွင်းထားသည်ဟု မီဒီယာကဖော်ပြနေကြခြင်းအပေါ် ဒီပိုင်းက ယခုကဲ့သို့ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ဒီပိုင်းသည် ပြီးခဲ့သည့်ရာသီက လိုင်ယွန်အသင်းနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ရော်နယ်လ်ကိုးမန်းနှင့်လည်း နယ်သာလန်လက်ရွေးစင်အသင်းတွင် လက်တွဲခဲ့ဖူးသူများဖြစ်ရာ ယခုအပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ရေးသားလျက်ရှိသည်။

ဒီပိုင်းက ''ကျွန်တော့်အနေနဲ့ လိုင်ယွန်အသင်းအတွက်ပဲ အာရုံစိုက်ထားပြီး၊ ပျော်ပျော်ရွှင်ရွှင်ရှိနေပါတယ်။ ကျွန်တော်ဟာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကိုးမန်းနဲ့ စကားပြောဆိုထားခြင်းမရှိပါဘူး။ ကျွန်တော့်အနေနဲ့ ထိပ်တန်းအသင်းတစ်သင်းအကြောင်းကို အိပ်မက်နိုင်ပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့။ ဒါပေမဲ့ လက်ရှိမှာတော့ ကျွန်တော်ဟာ လိုင်ယွန်မှာပဲရှိနေပါတယ်'' ဟု ဒီယွန်းအသင်းအား (၄-၁)ဂိုးဖြင့်အနိုင်ရသည့် ပြင်သစ်လီဂူးပွဲစဉ်အပြီးတွင်ပြောကြားခဲ့သည်။

ဒီပိုင်းသည် ပြီးခဲ့သည့်ရာသီက လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ (၂၂)ပွဲကစားရာတွင် (၁၅)ဂိုးသွင်းယူပေးခဲ့ပြီး၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ (၈)ပွဲကစားရာ၌ (၆)ဂိုးအထိသွင်းယူကာ အသင်းအား ဆီမီးဖိုင်နယ်တက်ရောက်နိုင်စေရန် ကူညီပေးခဲ့သည်။

ဒီပိုင်းသည် ကစားသမားဘဝတွင် PSV၊ မန်ယူအသင်းများတွင်လည်းကစားခဲ့ဖူးပြီး နယ်သာလန်လက်ရွေးစင်အသင်းအတွက် (၅၁)ပွဲကစားရာတွင်၊ (၁၉)ဂိုးသွင်းယူပေးထားနိုင်သူဖြစ်သည်။



 

Most Read

Most Recent