စိန်ခေါ်မှုများကို နှစ်သက်သဖြင့် ရန်ကုန်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံခြင်းဖြစ်ဟု ဦးမင်းထွန်းလင်း ပြောကြား

စိန်ခေါ်မှုများကို နှစ်သက်သဖြင့် ရန်ကုန်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံခြင်းဖြစ်ဟု ဦးမင်းထွန်းလင်း ပြောကြား
Photo: YUFC
Photo: YUFC
Published 29 August 2020

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြ ချုပ်သစ် ဦးမင်းထွန်းလင်းက စိန်ခေါ်မှုများကို ကြိုက်နှစ်သက်သောကြောင့် အသင်း၏ကမ်း လှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း ပြော ကြားသည်။

    

ရန်ကုန်ယူနိုက်တက်အသင်းသည် သြဂုတ် (၂၇) ရက်တွင် နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ယခင်နည်းပြချုပ် ဦးတင်မောင် ထွန်းကို ရန်ကုန်အကယ်ဒမီတွင် ပြောင်းလဲ တာဝန်ပေးကာ နည်းပြသစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်အသင်းသည် ဦးမင်းထွန်း လင်းကို ၂၀၂၁ ရာသီကုန်အထိ ရှိနေမည့် (၁)နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး သြဂုတ် (၂၈) ရက် နံနက်ပိုင်းမှစတင်ကာ အသင်းအား ကိုင်တွယ်လျက်ရှိသည်။ 

''ရန်ကုန်အသင်းရဲ့ ကောင်းမွန်တဲ့ ကမ်းလှမ်းချက်တွေကို လက်ခံ ရရှိခဲ့တဲ့အပြင် ကျွန်တော်ကိုယ်တိုင်ကလည်း လုပ်ချင်တဲ့ ဆန္ဒရှိတာကြောင့် လက်ခံခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် ကလည်း စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်တဲ့ အတွက်  လက်ခံခဲ့တာပါ။ ရန်ကုန်အသင်းမှာ တာဝန်ထမ်းဆောင်ခွင့်ရမှာ ဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်''ဟု ဦးမင်းထွန်းလင်းက ရန်ကုန်အသင်းနှင့် စာချုပ်ချုပ်ဆိုအပြီးတွင် ပြောကြားသည်။

ဦးမင်းထွန်းလင်းသည် ပထမဆုံးပွဲ အဖြစ် သြဂုတ် (၃၀) ရက်တွင် ရတနာပုံအသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ရန်ကုန် အသင်းသည် ယခုရာသီ MNL အမှတ်ပေး ပြိုင်ပွဲတွင် ကိုးပွဲကစား၊ ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး၊ ရမှတ် (၁၇) မှတ်ဖြင့် တတိယနေရာ ရပ်တည်နေပြီး ဇယားထိပ်ဆုံးမှ ဟံသာဝတီ အသင်းနှင့် (၇)မှတ်ကွာဟလျက်ရှိသည်။ 

လက်ရှိတွင် MNL ပြိုင်ပွဲဝင်အသင်း (၁၀) သင်းသာရှိတော့သဖြင့် ဒုတိယ အကျော့တွင် (၉)ပွဲသာ ထပ်မံကစားရမည် ဖြစ်ပြီး ရန်ကုန်အသင်းအနေဖြင့် ပွဲတိုင်းနီးပါး ရလဒ်ကောင်းရန် လိုအပ်နေသည်။ 

Most Read

Most Recent