ပရိသတ်များရွေးချယ်သည့် ၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ်အကောင်းဆုံးသွင်းဂိုးဆုကို စီရော်နယ်လ်ဒို ဆွတ်ခူး

ပရိသတ်များရွေးချယ်သည့် ၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ်အကောင်းဆုံးသွင်းဂိုးဆုကို စီရော်နယ်လ်ဒို ဆွတ်ခူး
Photo: AFP
Photo: AFP
Published 29 August 2020

ပရိသတ်များ မဲပေးရွေးချယ်သည့် ၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးသွင်းဂိုးဆုကို ဂျူဗင်တပ်စ် အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် ရှုံးထွက်(၁၆) သင်းအဆင့် ဒုတိယအကျော့အဖြစ် လိုင်ယွန်အသင်းအား အိမ်ကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ကိုက် (၃၀) အကွာမှ ဘယ်ခြေဖြင့်သွင်းယူသည့် ဂိုးဖြင့် အကောင်းဆုံးသွင်းဂိုးဆုရရှိခြင်းဖြစ် သည်။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ နည်းစနစ်ပိုင်းလေ့လာသူများက ယခု ရာသီအကောင်းဆုံးသွင်းဂိုးဆုအတွက် တရားဝင် ဆန်ခါတင် (၁၀) ဂိုးစာရင်းကို မထုတ်ပြန် သေးသော်လည်း UEFA ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုသည့် ပရိသတ်များက တစ် ပတ်တာအကောင်းဆုံးသွင်းဂိုး (Goal of the Week) စာရင်းမှ ၎င်းတို့စိတ်ကြိုက် သွင်းဂိုး (၁၀) ဂိုးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ UEFA ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်အရ လိုင်ယွန် အသင်းနှင့်ပွဲမှ စီရော်နယ်လ်ဒို၏သွင်းဂိုးမှာ မဲအရေအတွက် (၄)သိန်းကျော်ရရှိခဲ့ပြီး အကောင်းဆုံးသွင်းဂိုးဆု (Nissan Goal of The Tournament) အတွက် မဲပေးမှုတွင် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရ သည်။ 

အုပ်စုပွဲစဉ် (၃) ဖြစ်သည့် လိုက်ပ်ဇစ် (၂-၁) ဇင်းနစ်ပွဲမှ လိုက်ပ်ဇစ်အသင်း ကွင်း လယ်လူ ဆာဘစ်ဇာ၏သွင်းဂိုးက ဒုတိယ၊ ပွဲစဉ် (၁) ဖြစ်သည့် အက်သလက်တီကို (၂-၂) ဂျူဗင်တစ်ပ်စ်ပွဲမှ ဂျူဗင်တပ်စ်အသင်း တောင်ပံကစားသမား ကွာဒရာဒို၏သွင်းဂိုးက တတိယ၊ ပွဲစဉ် (၂) ဖြစ်သည့် ဘာစီလိုနာ (၂-၁) အင်တာမီလန်ပွဲမှ ဘာစီလိုနာအသင်း တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၏သွင်းဂိုးက စတုတ္ထနှင့် ဆီမီးဖိုင်နယ်ပွဲဖြစ်သည့် လိုင်ယွန် (ဝ-၃) ဘိုင်ယန်မြူးနစ်ပွဲမှ ဘိုင်ယန်မြူးနစ် အသင်း တောင်ပံကစားသမား နာဘရီ၏ သွင်းဂိုးက ပဉ္စမနေရာ ရပ်တည်နိုင်ခဲ့သည်။ UEFA သည် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ နေရာ အလိုက် အကောင်းဆုံးကစားသမားဆုများကိုလည်း ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

Most Read

Most Recent