စက်တင်ဘာလအတွင်းကစားမည့် နိုင်ငံပွဲစဉ်များအတွက် ကစားသမားများစေလွှတ်ရမည့်စည်းမျဉ်းကို FIFA ထုတ်ပြန်

စက်တင်ဘာလအတွင်းကစားမည့် နိုင်ငံပွဲစဉ်များအတွက် ကစားသမားများစေလွှတ်ရမည့်စည်းမျဉ်းကို FIFA ထုတ်ပြန်
Photo: FIFA
Photo: FIFA
Published 27 August 2020

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)သည် လာမည့်စက်တင်ဘာလအတွင်းကစားမည့် နိုင်ငံတကာခြေစမ်းပွဲများနှင့် UEFA Nations League ပြိုင်ပွဲများအတွက် ကလပ်အသင်းများအနေဖြင့် နိုင်ငံအသင်းများသို့ ကစားသမားများ စေလွှတ်ရမည့် စည်းမျဉ်းများကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။ 

လက်ရှိတွင် တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနှင့် ရင်ဆိုင်နေရပြီး ဘောလုံးပြိုင်ပွဲများမှာလည်း အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။ 

ထို့ကြောင့် ကပ်ဘေးကာလအတွင်း ကစားမည့် နိုင်ငံတကာပွဲစဉ်များတွင် ကလပ်အသင်းများ ဆုံးရှုံးနစ်နာမှု မများစေရန်နှင့် ကစားသမားများ၏ ကျန်းမာရေးကို ထိခိုက်မှုလျော့နည်းစေရန်အတွက် ဘောလုံးအာဏာပိုင်များသည် ယာယီစည်းမျဉ်းကို အသုံးပြုနေခြင်းဖြစ်သည်။ 

ပုံမှန်အတိုင်းဆိုလျှင် ကလပ်အသင်းများအနေဖြင့် နိုင်ငံအသင်းအတွက် ကစားသမားများကို စေလွှတ်ပေးရမည်ဟု FIFA က သတ်မှတ်ထားသော်လည်း ကပ်ဘေးကာလဖြစ်သဖြင့် Quarantine ဝင်နေသူများကို စေလွှတ်ပေးရန်မလိုအပ်ကြောင်း ယာယီပြောင်းလဲခြင်းဖြစ်သည်။ 

FIFA ၏ ထုတ်ပြန်ချက်တွင် ''ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စက်တင်ဘာလအတွင်း ကစားမည့် နိုင်ငံတကာပွဲစဉ်များအတွက် ကလပ်အသင်းများအနေဖြင့် နိုင်ငံအသင်းများထံ ကစားသမားများစေလွှတ်မှုနှင့်ပတ်သက်ပြီး စည်းမျဉ်းအချို့ကို FIFA ကောင်စီက ပြုပြင်ခဲ့ကြောင်း၊ ဗို်င်းရပ်စ်ကူးစက်ပျံ့နှံ့မှု မြင့်တက်လာသည့်အတွက် နိုင်ငံအများအပြားတွင် ခရီးသွားလာခြင်းကို ကန့်သတ်ထားခြင်းများရှိနေကြောင်း၊ ထို့ကြောင့် Quarantine ဝင်နေသည့် ကစားသမားများ၊ ခရီးအသွားအလာကန့်သတ်ထားသည့် နိုင်ငံများကို ကလပ်အသင်းများအနေဖြင့် အသင်းကစားသမားများ စေလွှတ်ပေးရန်မလိုအပ်ကြောင်း၊ ပြိုင်ပွဲကစားမည့် နိုင်ငံအသင်းများအနေဖြင့် နိုင်ငံတကာပြိုင်ပွဲကာလအတွင်း၊ ပွဲကစားနေစဉ်အတွင်း ပြိုင်ပွဲတာဝန်ရှိသူများ၏ ကျန်းမာရေးနှင့် ကာကွယ်ရေးညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ကြောင်း''ပါရှိသည်။ 

FIFA မှ ယခုချမှတ်လိုက်သည့် ယာယီစည်းမျဉ်းမှာ အမျိုးသားဘောလုံးအသင်းများအတွက် သြဂုတ်လ (၃၁)ရက်မှ စက်တင်ဘာ (၈)ရက်အထိ အကျုံးဝင်ပြီး အမျိုးသမီးဘောလုံးအသင်းများအတွက် စက်တင်ဘာ (၁၄)ရက်မှ (၂၁)ရက်နေ့အထိ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent