၂၀၂၀ ဥရောပစူပါဖလားပြိုင်ပွဲတွင် ကွင်းဝင်ဆံ့ပရိသတ်၏ (၃၀)ရာခိုင်နှုန်းကို  ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးသွားမည်ဟု UEFA ထုတ်ပြန်

၂၀၂၀ ဥရောပစူပါဖလားပြိုင်ပွဲတွင် ကွင်းဝင်ဆံ့ပရိသတ်၏ (၃၀)ရာခိုင်နှုန်းကို  ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးသွားမည်ဟု UEFA ထုတ်ပြန်
Photo: UEFA
Photo: UEFA
Published 27 August 2020

၂၀၁၉-၂၀ ရာသီ ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်နှင့် ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာတို့ ကစားမည့် ၂၀၂၀ ဥရောပစူပါဖလားပြိုင်ပွဲတွင် ကွင်းဝင်ဆံ့ပရိသတ်၏ (၃၀)ရာခိုင်နှုန်းကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးသွားမည်ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ထုတ်ပြန်ခဲ့သည်။ 

၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ စတင်ပျံ့နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဥရောပဘောလုံးပြိုင်ပွဲများကို မတ်လလယ်ပိုင်းတွင် ရပ်နားခဲ့ပြီး ပြန်လည်ကစားရာတွင်လည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ရသည်။  

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သော်လည်း တာဝန်ရှိသူများသည် ဘောလုံးပွဲများတွင် ကွင်းအတွင်း ပရိသတ်များဝင်ရောက်ကြည့်ရှုခွင့်ပေးရန် နည်းလမ်းမျိုးစုံဖြင့် စီစဉ်နေကြသည်။ 

ယခုအခါ UEFA က ဥရောပစူပါဖလားပြိုင်ပွဲတွင် ကွင်းအတွင်း ပရိသတ်များဝင်ရောက်ကြည့်ရှုခွင့်ပေးရန် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် ပြင်ဆင်နေကြောင်း သိရသည်။ 

UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က '' ဘောလုံးပွဲတွေမှာ ပရိသတ်မပါဘဲ အဆင်မပြေပါဘူး။ ဘူဒါပတ်စ်မှာ ကစားမယ့် ဥရောပစူပါဖလားပွဲမှာ ကွင်းအတွင်း ပရိသတ်တွေ ဝင်ရောက်ကြည့်ရှုခွင့်ရဖို့ ဟန်ဂေရီအာဏာပိုင်တွေနဲ့တိုင်ပင်ပြီး ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်''ဟု ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်နှင့် ဆီဗီလာတို့၏ ၂၀၂၀ ဥရောပစူ ပါဖလားပြိုင်ပွဲကို လာမည့် စက်တင်ဘာ (၂၄)ရက်တွင် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့ရှိ ပရိသတ် (၆၇၂၁၅)ဦး ဝင်ဆံသည့် ပွတ်ရှ်ကပ်စ်ကွင်းတွင် ကစားမည်ဖြစ်ပြီး ပရိသတ်(၂၂၀၀၀)ကျော် ဝင်ရောက်ကြည့်ရှုခွင့်ရဖွယ်ရှိနေသည်။ 

Most Read

Most Recent