(၆)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားနဲ့ Treble ချန်ပီယံ ဘိုင်ယန်

(၆)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားနဲ့ Treble ချန်ပီယံ ဘိုင်ယန်
Published 24 August 2020

PSG ဝ-၁ ဘိုင်ယန်မြူးနစ်

ဂိုးတွေမတွေ့၊ ဂိုးမိုးမရွာခဲ့ပေမယ့် ဗိုလ်လုပွဲ အဆင့်အတန်းနဲ့ လျော်ညီတဲ့ပွဲတစ်ပွဲကို ခံစားခဲ့ရတယ်။ ပွဲက အသက်ရှူကျပ်လောက်အောင် နှစ်သင်းစလုံးအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်။ PSG ရဲ့ကမ္ဘာ့ဈေးအကြီးဆုံးတိုက်စစ်မှူးတွေ လှုပ်မရခဲ့သလို၊ ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်က ဂိုးတွေသွင်းနေတဲ့ လီဝန်ဒေါစကီး၊ မူလာ၊ နာဘရီတို့အတွက်လည်း မလွယ်ကူခဲ့ဘူး။ တိုက်စစ်မှူးတွေ လှုပ်မရတဲ့ ပွဲတစ်ပွဲဖြစ်လာပြီဆိုရင် ဘိုင်ယန်မြူးနစ်လို စုစည်းအားနဲ့ ကစားတဲ့အသင်းက ပြဿနာမရှိပေမယ့် PSG လို တိုက်စစ် (၃)ဦးရဲ့သွင်းဂိုးတွေကို မျှော်လင့်ပြီး ကစားရတဲ့အသင်းတစ်သင်းအတွက်ကတော့ အကြီးအကျယ်ပြဿနာတက်ခဲ့တယ်။

ဒီပွဲမှာ အဆုံးအဖြတ်ပေးသွားခဲ့တဲ့ အချက်ဆိုရင် ဘိုင်ယန်မြူးနစ်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းမာကျောမှုကိုလည်း ပြောရလိမ့်မယ်။ (၅၀-၅၀) Challenge တွေမှာ PSG ကစားသမား တစ်ဦးချင်းစီတိုင်းက ဘိုင်ယန်မြူးနစ်ရဲ့ ဘယ်သူ့ကိုမဆို ယှဉ်မလု၊ ယှဉ်မလုံးနိုင် ခဲ့ဘူး။ ဘိုင်ယန်မြူးနစ်ရဲ့ စုစည်းအားကို PSG မယှဉ်နိုင်ခဲ့ဘူးလို့ပဲ ဆိုရမယ်။ ဘိုင်ယန်မြူးနစ်ကပဲ ပိုပြီး Dynamic ဖြစ်ခဲ့တယ်။ ပိုလန်းဆန်းပြီး၊ ပိုသန်မာတဲ့အသင်းဖြစ်နေခဲ့တာ မိနစ် (၉၀)လုံးလုံးပဲ။ PSG က နေမာဆီကနေ ဘောလုံးလမ်းကြောင်းရှည်တွေကိုလည်း မရခဲ့ဘူး။ ဘာပေဆီက ပြေးလမ်းကြောင်းရှည်တွေကိုလည်း မရခဲ့ဘူး။ နောက်ဆုံး PSG ရဲ့ ကြယ်ပွင့်ကစားသမား (၃) ဦးဖြစ်တဲ့ ဘာပေ-နေမာ-ဒီမာရီယာတို့ရဲ့ပေါင်းစပ်မှု၊ ဖန်တီးမှုတွဲလုံးတွေကို အချိန်အကြာကြီးနေမှ တစ်ကြိမ်လောက် မြင်ရပြီး၊ ပုံမှန်ဖိအားပေးနိုင်တာမျိုး တစ်ပွဲလုံး မရှိခဲ့ဘူး။ ဘိုင်ယန်မြူးနစ်အသင်း နည်းပြ ဟန်ဆီဖလစ်ခ်အတွက် အဓိက လက်နက် ပုန်းဖြစ်ခဲ့တာက ဒဏ်ရာက ပြန်သက်သာလာတဲ့ ကိုးမန်းဖြစ်ခဲ့ပြီး ဒုတိယပိုင်းအစကနေ လူစားလဲခံရတဲ့အချိန်မတိုင်ခင်အတွင်းမှာ အကောင်းဆုံးအခိုက်အတန့်တွေကို ပိုင်ဆိုင်ခဲ့တယ်။

ဒီအချိန်ပိုင်းလေးအတွင်းမှာ PSG ရဲ့ ခံစစ်ညာခြမ်းက ကယ်ဟာကို  တစ်ချိန်လုံး ထိုးဖောက်ဒုက္ခပေးသွားခဲ့ပြီး၊ အနိုင်ဂိုးကိုပါသွင်းယူသွားခဲ့တယ်။ ကိုးမန်းရဲ့ပထမပိုင်းခြေစွမ်းက အားကိုးလို့မရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရုတ်တရက် အရှိန်ရသွားတာက အံ့သြဖို့ကောင်းတယ်။ ပိုပြီး အံ့သြဖို့ကောင်းတာက ဒေးဗီးစ်က တိုက်စစ်ကို မလိုက်တော့တဲ့အချိန်၊ ခံစစ်ကို ပိုအာရုံစိုက်ကစားတဲ့ အချိန်ရောက်မှ ကိုးမန်းရဲ့ကစားပုံ ပိုကောင်းခဲ့တာပဲ။ ဒါက တိုက်ဆိုင်မှု ဖြစ်နိုင်သလို၊ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ နှစ်ဦးကြောင့်လည်း ဖြစ်နိုင်တယ်။ တကယ်တော့ သီယာဂို-ဂိုဟက်ဇ်ကာအတွဲ ဆီကနေ အရမ်းအားကောင်းတဲ့ ကွင်းလယ်လွှမ်းမိုးမှုမျိုးကို မတွေ့ရဘူး။ ဘာစီလိုနာ၊ လိုင်ယွန်တို့နဲ့ ပွဲတွေမှာ သူတို့နှစ်ဦးကို ကွင်းလယ်မှာ ထင်ရှားစွာ မြင်တွေ့ခဲ့ရပေမယ့် ဒီနေ့ပွဲမှာတော့ ခံစစ်တာဝန်တွေကို ပိုယူခဲ့တာလည်း တွေ့ရတယ်။ သီယာဂိုက နေမာနဲ့ ဒီမာရီယာကြားက Connection ကို ဖြတ်တောက်ခဲ့ပြီး၊ ဂိုဟက်ဇ်ကာက နေမာနဲ့ ဘာပေတို့ ကြားကနေ နေရာယူပြီးမှ Deploy လုပ်ကစားသွားတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ဘိုင်ယန်မြူးနစ်ရဲ့ တည်ဆောက်ပုံ အပြောင်းအလဲဖြစ်သွားတယ်။

ဒေးဗီးစ်၊ ကင်မစ်ချ်တို့က အလွန်အကျွံတက်မကစားတော့ဘဲ ပုံမှန် Full Back တွေလို ပြန်ကစားခဲ့ပြီး ဒီအချိန်မှာ ကွင်းလယ်အတွဲက ရှေ့နည်းနည်းတက်ပြီး အလုပ်လုပ်ခဲ့တယ်။ ဒီအချိန်မှာ ကိုးမန်း ပိုတောက်ပသွားခဲ့တယ်။ PSG ခံစစ်ပိုင်းက ဘားနတ်က သူ့ တာဝန်ကို ကျေအောင်ကစားနိုင်ခဲ့ပေမယ့် ကယ်ဟာရဲ့ညာခြမ်းမှာ ပြဿနာပေါ်သွားတယ်။ PSG ကွင်းလယ်မှာတော့ မာကင်ဟို့စ်က အကောင်းဆုံးကစားသွားခဲ့ပြီး ဟာရဲရား၊ ပယ်ရေဒက်စ်တို့လည်း မညံ့ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့လုပ်နိုင်စွမ်းက အကန့်အသတ် ရှိတယ်။ အထူးသဖြင့် ဘာပေ-နေမာ-ဒီမာရီယာတို့ အထိရောက်အောင် မလုပ်နိုင်ခဲ့ဘူး။ သူတို့တင် မဟုတ်ဘဲ PSG ရဲ့ ကြယ်ပွင့် (၃)ဦးဆီကို ဘောလုံးရောက်အောင်ပို့ပေးရမယ့်တာဝန်ကို PSG ရဲ့ ဘယ်ကစားသမားမှ မလုပ်နိုင်ခဲ့ဘူး။ သူတို့က တိုက်စစ်ဇုန်အထိ ဘောလုံးပို့ဖို့ ဆိုတာထက် ဘိုင်ယန်မြူးနစ်ရဲ့ High Pressing ကို ကျော်ဖြတ်ဖို့တောင်ခက်ခဲခဲ့ပြီး ခံစစ်ဇုန်မှာ အသည်းအသန်ကစားနေရတယ်။  ဘိုင်ယန်မြူးနစ်ကတော့ ဘိုတန်ဒဏ်ရာမရခင်အထိ ခံစစ်မှာ ပြဿနာအနည်းငယ်ရှိခဲ့ပေမယ့် သူ့အစား ဇူလာ ဝင်လာတဲ့အချိန်ကစပြီး ခံစစ်ကစားပုံ ပိုမာကျော၊ ပိုတည်ငြိမ်သွားတယ်။ Defensive Line က အရင်ပွဲတွေထက်စာရင် နည်းနည်းလေး နောက်ကို ဆုတ်ကစားခဲ့ပြီး PSG မှာ No.10 Role မရှိခြင်းအတွက်လည်း ကွင်းလယ်နဲ့ ခံစစ်လိုင်းကြားက Space တွေအတွက် သိပ်စိုးရိမ်စရာမရှိခဲ့ဘူး။

နေမာက တစ်ပွဲလုံးပျောက်နေသလို၊ ရရှိတဲ့ အခွင့်အရေးအနည်းငယ်ကို အသုံးမချနိုင်ဘူး။ ဘာပေက သူ့ရဲ့အမြန်နှုန်းကို အသုံးချခွင့်တောင် သိပ်မရဘူး။ ဒီမာရီယာဆီက အဆင့်မြင့်ပြီး၊ ဘိုင်ယန်ခံစစ်ဇုန်ကို ခြိမ်းခြောက်နိုင်တဲ့ ဘောလုံးအချို့က နေမာနဲ့ ဘာပေဆီမဟုတ်ဘဲ တခြားကစားသမားတွေဆီကိုပဲ ရောက်နေပြီး နောက်ဆုံးမှာ ပျက်သွားခဲ့တယ်။ ဘိုင်ယန်မြူးနစ်အတွက် တစ်လုံးတည်းသောအနိုင် ဂိုးကိုတော့ ပွဲချိန် (၅၉)မိနစ်မှာ ကင်မစ်ချ်ရဲ့ဖြတ်တင်ဘောကနေ ကိုးမန်း ခေါင်းတိုက်သွင်းယူခဲ့ပြီး ဒီဂိုးကတော့ တစ်ပွဲလုံးမှာ အားအနည်းဆုံးဖြစ်ခဲ့တဲ့ ကယ်ဟာရဲ့အမှားလို့လည်း ပြောရခက်တယ်။ သူက လီဝန်ဒေါစကီးလွတ်နေလို့ အာရုံပိုစိုက်ခဲ့ချိန်မှာ ကျော်ပြီး ကိုးမန်းဆီကို ရောက်ခဲ့ခြင်းဖြစ်တယ်။ နောက်ပိုင်းမှာ နှစ်သင်းစလုံး အခွင့်အရေးအနည်းငယ်စီရပေမယ့် ဂိုးရလောက်တဲ့အနေအထားမဟုတ်ခဲ့ဘဲ (၁-ဝ)နဲ့ပဲပြီးဆုံးသွားခဲ့တယ်။ ဒါကြောင့် ဒီရာသီချန် ပီယံလိဂ်မှာ ပွဲအစအဆုံး ရာနှုန်းပြည့်နိုင်ပွဲစံချိန်နဲ့ ဘိုင်ယန်ချန်ပီယံဖြစ်ခဲ့ပြီး Treble Champion အဖြစ် အောင်မြင်စွာ ရာသီသိမ်းသွားခဲ့ပါတယ်။

Most Read

Most Recent