လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ အငြိမ်းစား တပ်မတော်သားအရာရှိ ၈၈ ဦးနှင့် ယခင်ဝန်ကြီးဟောင်း ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ အငြိမ်းစား တပ်မတော်သားအရာရှိ ၈၈ ဦးနှင့် ယခင်ဝန်ကြီးဟောင်း ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင် သြဂုတ် ၁၈ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင် သြဂုတ် ၁၈ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Published 18 August 2020
နေရိုင်း၊ ဇေယျာထွန်း

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ အငြိမ်းစား တပ်မတော်သားအရာရှိ ၈၈ ဦးနှင့် ယခင်ဝန်ကြီးဟောင်း ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်သူ ဒေါက်တာနန္ဒာလှမြင့်က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်တွင် သြဂုတ် ၁၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ အငြိမ်းစားတပ်မတော်သားအရာရှိ ၉၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် တပ်မတော်သားအရာရှိ ၈၈ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အငြိမ်းစားတပ်မတော်အရာရှိများမှာ လက်ရှိတပ်မတော်မှ အငြိမ်းစားယူခဲ့သည့် ပုဂ္ဂိုလ်များမဟုတ်ကြောင်း ၎င်းက ဆိုသည်။

“ အငြိမ်းစားတပ်မတော်သား ၈၈ ဦး ဆိုတာက အခုမှတပ်မတော်က အငြိမ်းစားယူပြီးတော့မှ ကျွန်တော်တို့ပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူး။ နဂိုကတည်းက ၂၀၁၀၊ ၂၀၁၅ ကတည်းက အငြိမ်းစားယူထားပြီးတော့မှ အခုလည်း ဒေသခံပြည်သူလူထု၊ ဒေသခံပါတီရဲ့ရွေးချယ်မှုအရ ကျွန်တော်တို့ပါတီမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ တာဝန်ယူခဲ့တဲ့ ဝန်ကြီး ၁၄ ဦး ပြန်လည်အရွေးချယ်ခံမှာ ဖြစ်ပါတယ်။ ဒီလူကြီးများဟာ သူတို့ရဲ့အတွေ့အကြုံတွေကို ကျွန်တော်တို့ ပါတီမှာရှိတဲ့ နောက်မျိုးဆက်ကို လက်ဆင့်ကမ်း အမွေတွေပေးပြီးတော့ အတွေ့အကြုံတွေ ဖလှယ်ပြီးတော့မှ ဒီနိုင်ငံ၊ ဒီလူမျိုးအလုပ်အကျွေးပြုနိုင်ဖို့ မျှဝေလက်တွဲဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

လာမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သော်လည်း တိုင်းရင်းသားပါတီများနှင့် ပေါင်းစပ်ညှိနှိုင်းမှုအရ ပါတီအနေဖြင့် မဲဆန္ဒနယ် ၂၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်မဟုတ်ကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်သွားမည့် ကိုယ်စားလှယ်လောင်းများအနက် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၄၉၅ ဦး ပြန်လည်ပါဝင်ခဲ့ပြီး အသက် ၂၅ နှစ်မှ ၄၀ ကြား ၉၉ ဦး၊ အသက် ၄၁ နှစ်မှ ၆၀ အထိ ၆၆၂ ဦးနှင့် အသက် ၆၁ နှစ်နှင့်အထက် ၃၆၈ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ပညာအရည်အချင်းနဲ့ပတ်သက်ရင် ဒေါက်တာဘွဲ့ထဲမှာ ဆရာဝန်ရယ်။ စာပေဒေါက်တာဘွဲ့ရတဲ့သူ ၆၀ ဦး၊ မဟာဘွဲ့နဲ့ တခြားဘွဲ့ရတဲ့သူ ၈၂၇ ဦး စုစုပေါင်း ၈၈၇ ဦး။ ပညာအရည်အချင်းအရ ဘွဲ့ရပညာတတ်တွေ ဖြစ်ပါတယ်။ အခြားဒီပလိုမာတို့။ အထက်တန်းအောင်တို့။ စက်မှုလက်မှုသိပ္ပံတို့အနေနဲ့ ရှိနေတဲ့ ကိုယ်စားလှယ်လောင်းက ၂၄၂ ဦး ရှိပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာ၌ ဗဟိုဦးစီးစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းမဟုတ်ဘဲ ဒေသအကြောင်းကို ကောင်းမွန်စွာသိရှိပြီး အလုပ်အကျွေးပြုနိုင်မည့် ဒေသခံကိုယ်စားလှယ်လောင်းများကိုသာ ဦးစားပေးရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းသို့ ရွေးချယ်ခဲ့ခြင်းကြောင့် ပါတီစည်းလုံးညီညွတ်မှုအပေါ် ထိခိုက်မှုအနည်းဆုံးဖြင့် တည်ငြိမ်စွာရွေးချယ်ခဲ့ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

“ ကျွန်တော်တို့ ပါတီဥက္ကဋ္ဌကြီး ဦးသန်းဌေး ဦးဆောင်တဲ့ အလုပ်အမှုဆောင်အဖွဲ့ဟာ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်များ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကို ပြည်သူ့ပါတီဖြစ်အောင်။ ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်အောင်။ ပြည်သူတွေရဲ့ဆန္ဒနဲ့ အညီဖြစ်အောင် ရဲရဲဝ့ံဝံ့။ သူများတွေ စွပ်စွဲနေတဲ့ အနေအထားမျိုးမဟုတ်ဘဲ တကယ့်ကို ပြည်သူ့ပါတီအဖြစ် ဦးဆောင်ပြီးတော့ ပြုပြင်ပြောင်းလဲပြီး ကိုယ်စားလှယ်လောင်းတွေကို ဒီမိုကရေစီနည်းကျကျ ပြည်သူတွေနဲ့ နီးစပ်တဲ့ဒေသပါတီက ရွေးချယ်တဲ့ပုဂ္ဂိုလ်များကို ရဲရဲဝံ့ဝံ့ တာဝန်ပေးထားတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အစိုးရတာဝန်ထမ်းဆောင်ခဲ့စဉ်က အဂတိနှင့်ပတ်သက်၍ စွပ်စွဲခံရမှုများ ရှိခဲ့သည့်အပြင် လက်ရှိ NLD အစိုးရအနေဖြင့်လည်း အဂတိနှင့်ပတ်သက်၍ စွပ်စွဲခံရမှုများရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အစိုးရတာဝန်ယူခဲ့ရပါက ၎င်းတို့အဖွဲ့အစည်းအထဲတွင် အဂတိတရားကို လုံးဝလက်ခံမည်မဟုတ်ကြောင်းနှင့် အမှားအယွင်းများရှိခဲ့ပါက ဥပဒေနှင့်အညီ ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူ့ပါတီအဖြစ် ခံယူပြီး ပြည်သူများ၏ အကျိုးစီးပွားအား ရဲရဲဝံ့ဝံ့တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာနန္ဒလှမြင့်က ဆိုသည်။

Most Read

Most Recent