UEFA နှင့် အမှုအခင်းရင်ဆိုင်ခဲ့ရပြီးနောက် ငြိမ်းချမ်းရေးပြန်ယူရန် ကြိုးပမ်းမှုအဖြစ် မန်စီးတီးဥက္ကဋ္ဌနှင့် UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်တို့ တွေ့ဆုံ

UEFA နှင့် အမှုအခင်းရင်ဆိုင်ခဲ့ရပြီးနောက် ငြိမ်းချမ်းရေးပြန်ယူရန် ကြိုးပမ်းမှုအဖြစ် မန်စီးတီးဥက္ကဋ္ဌနှင့် UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်တို့ တွေ့ဆုံ
Photos: Getty Images & Sky Sports
Photos: Getty Images & Sky Sports
Published 17 July 2020

မန်စီးတီးအသင်းသည် နိုင်ငံတကာအားကစားခုံရုံးတွင် UEFA နှင့် အမှုအခင်းရင်ဆိုင်ခဲ့ရပြီးနောက် ငြိမ်းချမ်းရေးပြန်လည်ရယူသည့် ကြိုးပမ်းမှုအဖြစ် အသင်းဥက္ကဋ္ဌ ခယ်လ်ဒွန်အယ်လ်မူဘာရက်နှင့် UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်တို့တွေ့ဆုံခဲ့ပြီး အနာဂတ်တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းလုပ်ဆောင်သွားကြရန် သဘောတူခဲ့ကြ သည်ဟု သိရှိရသည်။

    

UEFA သည် မန်စီးတီးအသင်းအား ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့သည်ဆိုသည့်စွဲချက်ဖြင့် ဥရောပပြိုင်ပွဲများမှ (၂)နှစ်ပိတ်ပင်သည့် ပြစ်ဒဏ်နှင့် ဒဏ်ငွေ ယူရိုသန်း(၃၀)ချမှတ်ခဲ့သည်။ 

မန်စီးတီးအသင်းသည် ယင်းဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် နိုင်ငံတကာအားကစားခုံရုံးတွင် အယူခံဝင်ခဲ့ရာ အယူခံအောင်မြင်ခဲ့ပြီး ဥရောပဝင်ခွင့်ပိတ်ပင်သည့် ပြစ်ဒဏ်ကို ရှောင်လွှဲနိုင်ခဲ့သလို၊ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်မှုအတွက်လည်း ဒဏ်ငွေ ယူရိုသန်း(၃၀)အစား (၁၀)သန်းအထိ လျှော့ချပေးခြင်းကို ခံခဲ့ရသည်။

    

မန်စီးတီးနှင့် UEFA တို့၏ အမှုဖြစ်စဉ်ကာလတစ်လျှောက်တွင် ရန်ဘက်အသွင်ဆောင်ခဲ့သော်လည်း အမှုပြီးစီးခဲ့ပြီးနောက် မန်စီးတီးအသင်းက ငြိမ်းချမ်းရေးဆွေးနွေးမှုခြေလှမ်းကို စတင်ခဲ့ခြင်းဖြစ်ပြီး UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်နှင့် ကလပ်အသင်း၏ ဥက္ကဋ္ဌ အယ်လ်မူဘာရက်တို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ 

၎င်းတို့နှစ်ဦးသည် ဗီဒီယိုခေါ်ဆိုမှုမှတစ်ဆင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အတွင်းသတင်းရင်းမြစ်များ၏ အဆိုအရ ယင်းတွေ့ဆုံမှုသည် အပြုသဘောဆောင်သည့် တွေ့ဆုံမှုဖြစ်ခဲ့ကာ အနာဂတ်တွင် မန်စီးတီးအသင်းသည် UEFA နှင့် ပိုမိုပူးပေါင်းလုပ်ဆောင်သွားရန်အတွက် ကတိကဝတ်ပြုခဲ့ပြီး ဆယ်ဖာရင်ကလည်း သဘောတူခဲ့ကြောင်း သိရှိရသည်။

    

မန်စီးတီးအသင်းပရိသတ်များသည် ကလပ်အသင်း၏ ယင်းကိစ္စအပေါ် ကိုင်တွယ်မှုနှင့် ခြေလှမ်းများအပေါ် အလွန်ကျေနပ်ဝမ်းမြောက်ခဲ့ကြပြီး UEFA နှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့သည့်လုပ်ရပ်ကိုလည်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် ချီးကျူးခဲ့ကြသည်။ 

မန်စီးတီးပရိသတ်တစ်ဦးဖြစ်သည့် ဒေးဗစ်မိုင်ယာက "မန်စီးတီးအသင်းဟာ အဆိုးရွားဆုံးအခြေအနေမှာ ခြေလှမ်းမှန်မှန်နဲ့ တည်တည်ငြိမ်ငြိမ်ကိုင်တွယ်ခဲ့သလို၊ ဒီအမှုအခင်းအပြီးမှာလည်း အနာဂတ်မှာ ထိပ်တိုက်တွေ့နိုင်တဲ့ UEFA နဲ့ ငြိမ်းချမ်းရေးယူတဲ့ ခြေလှမ်းကို လှမ်းခဲ့တာ အရမ်းပညာသားပါတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်"ဟု ချီးကျူးခဲ့သည်။

UEFA ဥက္ကဋ္ဌဖြစ်သူ ဆယ်ဖာရင်ကလည်း ၎င်းတို့ဆွေးနွေးခဲ့သည့် အသေးစိတ်အခြေအနေများကို ပြန်လည်ပြောဆိုခြင်း မပြုခဲ့သော်လည်း မန်စီးတီးအသင်း ဥက္ကဋ္ဌနှင့် ဆွေးနွေးမှုသည် ဆွေးနွေးမှုကောင်းတစ်ခုဖြစ်ခဲ့ပြီး ကျေနပ်စရာအခြေအနေကို ဖန်တီးနိုင်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း UEFA ၏ အတွင်းရင်းမြစ်များကတစ်ဆင့် မီဒီယာများကဖော်ပြခဲ့ကြသည်။

    

မန်စီးတီးအသင်းသည် ယခုအချိန်တွင် FFP ကို ရှောင်လွှဲနိုင်သည့် ငွေကြေးလည်ပတ်မှု၊ အင်အားများကို ပိုင်ဆိုင်နေပြီဖြစ်ပြီး ယင်းအခြေအနေမျိုးသို့ ရောက်ရှိလာခြင်းမှာ မသန့်ရှင်းသည့် လုပ်ရပ်များကို အခြေပြုကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဆိုသည့် ဝေဖန်မှုများလည်း ရှိနေဆဲဖြစ်သည်။ 

Most Read

Most Recent