စပါးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက အာဆင်နယ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် မိမိစပါးအသင်းထံသို့ လာရောက်ခဲ့ခြင်းမှာ အာဆင်နယ်အသင်း၏ အထက်တွင် ရပ်တည်ရုံမျှသာမဟုတ်ဘဲ ပိုမိုကြီးမားသည့် ရည်မှန်းချက်များ ရှိနေသည်ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် စပါးအသင်းသည် အာဆင်နယ်ကို အနိုင်ရခဲ့သည့်အတွက် ၎င်းတို့အသင်းကိုကျော်ကာ အဆင့် (၇)နေရာသို့ တက်ရောက်လာခဲ့ပြီဖြစ်ပြီး ရာသီကုန်ဆုံးရန် (၃)ပွဲအလိုတွင် ရမှတ် (၂)မှတ်အသာရလျက်ရှိနေသည်။
မကြာသေးမီက Twitter တွင် အာဆင်နယ်အသင်း၏ တရားဝင်စာမျက်နှာမှ လှောင်ပြောင်မှုတစ်ခုကြောင့် မော်ရင်ဟိုသည် စိတ်ဆိုးဒေါသထွက်ခဲ့ပြီး ရာသီကုန်တွင် အာဆင်နယ်အသင်းအထက်၌ ရပ်တည်စေချင်သည့် စပါးအသင်းပရိသတ်များ၏ဆန္ဒကို အလေးထားသွားမည်ဟု ဆိုခဲ့သည်။
စပါးအသင်းနှင့် အာဆင်နယ်အသင်းတို့သည် မြောက်လန်ဒန်ဒေသမှ အသင်းများဖြစ်ပြီး အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း နောက်ဆုံး (၃)ရာသီမှလွဲ၍ စပါးအသင်း၏ အထက်တွင် အမြဲရပ်တည်နိုင်ခဲ့သည့် အသင်းလည်းဖြစ်သည်။
မော်ရင်ဟိုက ''ဒါက ပရိသတ်တွေရဲ့အမြင်ပါ။ ကျွန်တော်က ဒီထက်ပိုတဲ့ ရည်မှန်းချက်တွေရှိပါတယ်။ စပါးအသင်းကို ရာသီအစကတည်းက ကိုင်တွယ်ခွင့်ရခဲ့မယ်ဆိုရင် ဒီအသင်းမှာ ရှိနေတဲ့ ပြဿနာတွေအားလုံးနဲ့တောင် ဒီ အချိန်မှာ အဆင့် (၄၊ ၅) လောက်မှာ ရှိနေမှာပါ။ ကျွန်တော် ယူရိုပါလိဂ်မှာ ကစားရတာကို သဘောကျပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကို ကစားခွင့်မရတဲ့အချိန်မှာ ယူရိုပါလိဂ်ကို သဘောကျပါတယ်။ ကျွန်တော့်ရဲ့နည်းပြဘဝတစ်လျှောက်လုံးမှာ ယူရိုပါလိဂ်ကို (၂)ကြိမ်ပဲ ယှဉ်ပြိုင်ခဲ့ဖူးပြီး နှစ်ကြိမ်စလုံးချန်ပီယံဖြစ်ခဲ့ပါတယ်။ (၃)ကြိမ်မြောက်ကစားပြီး ချန်ပီယံဖြစ်မယ်ဆိုရင် သိပ်တော့မဆိုးပါဘူး။ ဒီပွဲမှာ ကစားသမားတွေက ပရိသတ်တွေလို ခံစားပြီး ကစားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ဒီရာသီက ခံစားမှုသိပ်မကောင်းချိန်မှာ အာဆင်နယ်ထက်သာဖို့က အရေးကြီးပါတယ်''ဟု ဆိုခဲ့သည်။









