နိုင်ငံတကာ အားကစားခုံရုံး(CAS)သည် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းထံသို့ ချမှတ်ထားသည့် ချန်ပီယံလိဂ် (၂) ရာသီ ပိတ်ပင်သည့် ပြစ်ဒဏ်အား ပယ်ဖျက်ပေးလိုက်သလို ဒဏ်ကြေးငွေကိုလည်း လျှော့ချပေးခဲ့ကြောင်း သိရှိရသည်။
မန်စီးတီးအသင်းသည် UEFA ၏ ပြစ်ဒဏ်အပေါ် ကျေနပ်ခြင်းမရှိသဖြင့် နိုင်ငံတကာအားကစားခုံရုံးထံသို့ အယူခံဝင်ခဲ့ခြင်းဖြစ်ပြီး CAS သည် ယင်းအမှုအတွက် စစ်ဆေးမှုများကို ဘောလုံးပွဲစဉ်များရပ်နားထားသည့် ကာလအတွင်းက ဗီဒီယိုမှတစ်ဆင့် (၃)ရက်ကြာ ပြုလုပ်ခဲ့သည်။
ယင်းနောက် အမှုအား စီရင်ချက်ချမှတ်ခဲ့ရာတွင် မန်စီးတီးအသင်းက အရေးမယူရန် တင်ပြသည့် အချက်များကို သဘောတူခဲ့ပြီး UEFA က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့စဉ် ပူးပေါင်းဆောင်ရွက်ခြင်းပြုလုပ်ရန် ပျက်ကွက်ခဲ့ခြင်းကိုသာတွေ့ရှိခဲ့သဖြင့် ဒဏ်ငွေယူရို (၁၀)သန်းသာချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအတွက်ကြောင့် မန်စီးတီးအသင်းသည် မူလပြစ်ဒဏ်ဖြစ်သည့် ချန်ပီယံလိဂ်ပြိုင်ပွဲမှ (၂)နှစ်ပိတ်ပင်သည့် ပြစ်ဒဏ်နှင့် ဒဏ်ငွေ ယူရိုသန်း (၃၀)တို့အစား ဒဏ်ငွေယူရို (၁၀)သန်းကိုသာ ပေးဆောင်ရတော့မည့် အဓိပ္ပာယ်လည်းဖြစ်သည်။
CAS ၏ ထုတ်ပြန်ကြေညာမှုတွင် ''မန်စီးတီးအသင်းဟာ ကလပ်အသင်းရဲ့ ဘဏ္ဍာရေးထိန်းညှိမှုအတွက် စပွန်ဆာဝင်ငွေတွေကနေ အသွင်ပြောင်းခဲ့ခြင်းမရှိပါ။ ဒါပေမဲ့ UEFA ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ဖို့အတွက် ပျက်ကွက်ခဲ့ပါတယ်''ဟု ဆိုခဲ့ပြီး ဆုံးဖြတ်ချက်အနေဖြင့်လည်း ''ဥရောပပြိုင်ပွဲများမှ ဝင်ခွင့်ပိတ်ပင်ထားခြင်းကို ပယ်ဖျက်လိုက်ပြီး ဒဏ်ကြေးငွေကတော့ ဆက်ရှိနေပါမယ်။ ဒါပေမဲ့ ယူရို (၁၀)သန်းအထိ လျှော့ချပါတယ်''ဟု ပါရှိခဲ့သည်။
မန်စီးတီးအသင်းသည် Der Spiegel မဂ္ဂဇင်းက ၂၀၁၈ နိုဝင်ဘာလအတွင်း အပိုင်းများခွဲကာ တင်ပြခဲ့သည့် အချက်များကြောင့် UEFA ၏ စုံစမ်းစစ်ဆေးမှုခံရကာ အရေးယူခံခဲ့ရခြင်းဖြစ်သည်။
သို့ရာတွင် စစ်ဆေးမှု ကာလတစ်လျှောက်လုံးနှင့် အယူခံဝင်သည့် နောက်ဆုံး ဆုံးဖြတ်ချက်မချမီ အချိန်အထိ မိမိတို့အသင်းသည် မည်သည့်အမှားအယွင်းကိုမှ မလုပ်ခဲ့ကြောင်း အစဉ်တစိုက်ဆိုခဲ့ကြသည်။
UEFA သည် Der Spiegel က ဖော်ပြမှုများအရ အရေးယူခဲ့ခြင်းဖြစ်သော်လည်း Der Spiegel သည် ဟက်ကာတစ်ဦးဖြစ်သည့် ရူအီပင်တိုထံမှ ရရှိသည့် အချက်များကို အသုံးပြုခဲ့သည့်အတွက် CAS တွင် အမှုရင်ဆိုင်သည့်အချိန်တွင် မူလရင်းမြစ်၏ တရားဝင်မှု၊ ခိုင်မာမှုအပိုင်းတို့တွင် အားနည်းချက်များရှိခဲ့သည်ဟုလည်း မီဒီယာများက သုံးသပ်ခဲ့ကြသည်။
မန်စီးတီးအသင်း၏ ပြစ်ဒဏ် ပယ်ဖျက်ပေးခံရခြင်း၏ အကျိုးဆက်အဖြစ် မန်စီးတီးအသင်းသည် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် သေချာသွားခဲ့ပြီ ဖြစ်သဖြင့် ပရီးမီးယားလိဂ်၏ ချန်ပီယံလိဂ်ခွဲတမ်းမှာလည်း အဆင့် (၅)အထိ ရှိနေရာမှ အဆင့် (၄)အထိသာ ရှိတော့မည်ဖြစ်သည်။ လူမှုကွန်ရက်များပေါ်တွင်မူ ယင်းဆုံးဖြတ်ချက်အပေါ် မကျေမနပ်ဖြစ်နေကြပြီး ဘောလုံးလောကကို ငွေကြေးက ၀ါးမျိုသွားပြီဟုလည်းကောင်း၊ မမျှတသည့် ဆုံးဖြတ်ချက်အဖြစ်လည်းကောင်းဝေဖန်ခဲ့ကြသည်။









