ဧရာဝတီတိုင်းဒေသကြီးအတွင်း COVID - 19 ရောဂါကူးစက်ပြန့်ပွားမှုများ ထိန်းချုပ်နိုင်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးကြီးများအတွင်း စျေးရောင်းချရာတွင် ကျန်းမာရေးဌာန၏ အသိပညာပေးလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လမ်းညွှန်ထားမှုကို မလိုက်နာသည့် စျေးသည်များအား ဒဏ်ကြေးငွေအပြစ်ဒဏ်ပေးစေမှုအရ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၆ ရက်အထိ ဒဏ်ကြေးငွေ စုစုပေါင်း ၆၉ သိန်းကျော်အထိ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးကြီးများအတွင်း စျေးရောင်းချရာတွင် Mask များ တပ်ဆင်ပြီးမှ စျေးရောင်းချခြင်း စျေးဝယ်ခြင်းများ ပြုလုပ်ရန် ညွှန်ကြားထားမှုကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် စျေးသည်များအား ဒဏ်ငွေပေးဆောင်စေရာတွင် စုစုပေါင်း ဒဏ်ကြေးငွေ ၆၉၃၁၀၀၀ ကျပ်ထိရရှိခဲ့ကြောင်း၊ ထို့ပြင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင် အအေးဆိုင်နှင့် အလှပြင်ဆိုင်များအား ကျန်းမာရေးဌာနမှ ညွှန်ကြားချက်များအတိုင်း ဖွင့်လှစ်ရန် ညွှန်ကြားခဲ့သော်လည်း လိုက်နာခြင်းမရှိသောကြောင့် သုံးရက်ကြာ ဆိုင်ပိတ်ခြင်းပြစ်ဒဏ်အား ချမှတ်ခဲ့သည့် ဆိုင်ပေါင်း ၂၆၄ ဆိုင်ထိရှိကြောင်း သိရသည်။
“ဒီ COVID -19 ရောဂါပိုး စတင်တွေ့ရှိတဲ့အချိန်ထဲက စပြီးတော့ ကျွန်တော်တို့ စျေးတွေမှာ လက်ဆေးဘေစင်တွေထားဖို့၊ နောက်စျေးထဲကိုလာရင် Mask တပ်ဖို့ စျေးသည်တွေကလည်း Mask တွေ တပ်ပြီးတော့ ရောင်းချဖို့ ကျွန်တော်တို့စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစည်းကမ်းချက်တွေ ထုတ်ပြန်တဲအခါမှာ လိုက်နာမှုမရှိတဲ့အခါများကိုလည်း ကျွန်တော်တို့ အရေးယူမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ခဲ့တဲ့နေရာမှာ ဒီဧရာဝတီတိုင်းဒေသကြီးမှာ ကျွန်တော်တို့ ဧပြီ ၂၀ ရက်ကနေစပြီးတော့ မနေ့က အထိပေါ့။ စျေးပေါင်းအားလုံးပေါင်း ၁၃၂ စျေးရှိပါတယ်။ ရှိတဲ့ ၁၃၂ စျေးမှာ ဒီစျေးသည်တွေ အဓိကကျွန်တော်တို့ စည်ပင်သာယာကတော့ စျေးရောင်းချတဲ့သူတွေကိုပဲ ထိန်းကျောင်းရတဲ့အပိုင်းဆိုတော့ စျေးသည်ပေါင်း ၁၄၂၁ယောက်ကို ဒဏ်ငွေပေါင်း ၆၉ သိန်း ၃ သောင်း ၁ ထောင် တပ်ရိုက်ခဲ့ပြီးဖြစ်ပါတယ်။ စားသောက်ဆိုင်တွေ ထမင်းဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေ အဖျော်ယမကာဆိုင်တွေ စည်းကမ်းလိုက်နာမှုမရှိလို့ ဆိုင်သုံးရက် ပိတ်သိမ်းတဲ့ ပြစ်ဒဏ်ပေးခဲ့တာလည်း စုစုပေါင်းဆိုရင်၂၆၄ ဆိုင်ရှိပါပြီ။ အဲဒီ ၂၆၄ ဆိုင်ဟာ မြို့ပေါင်း ၃၃ မြို့ကနေ အားလုံးပါပါတယ်။ ပါပြီးတော့မှ စားသောက်ဆိုင်က ၆၉ ဆိုင်ထမင်းဆိုင်က ၂၉ ဆိုင်၊ လက်ဖက်ရည်ဆိုင်က ၈၄ ဆိုင် အဖျော်ယမကာဆိုင်က ၁၀ ဆိုင် မုန့်ဆိုင်က ၂၂ ဆိုင် ဆံသဆိုင် ၁၄ ဆိုင်နဲ့ အလှပြင်ဆိုင် ၃၆ ဆိုင်ကို ကျွန်တော်တို့ သုံးရက်ပိတ်သိမ်းတဲ့ဒဏ်တွေလည်း ကျွန်တော်တို့ တပ်ရိုက်ခဲ့ပြီးဖြစ်တယ်။ အဲဒါကို ကျွန်တော်တို့ရဲ့ စည်ပင်သာယာရဲ့ ဒဏ်ကြေးရငွေကနေ ဘဏ်ကိုပဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေကိုပဲ အပ်နှံရပါတယ်။ တကယ်လို့မြို့တွေမှာ အဲဒီဒဏ်ကြေးငွေတွေက လျာထားဒဏ်ငွေထပ် ပိုမိုရရှိလာပြီဆိုရင်လည်း GRF လို ထပ်ဆင့်လုပ်ငန်းတွေ သုံးစွဲတဲ့အခါကျရင် တင်ပြပြီးတော့ ပိုမိုရရှိငွေအပေါ်မှာ သုံးစွဲခွင့် တင်ပြလို့ရပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဆိုသည်။
ဒဏ်ကြေးငွေ ၆၉ သိန်းကျော်မှာ စည်ပင်သာယာရေးအဖွဲ့များက ဦးဆောင်စစ်ဆေးအရေးယူရသည့် လုပ်ငန်းများမှ ဒဏ်ကြေးများသာ ပါဝင်ခြင်းဖြစ်ပြီး မြို့နယ် COVID – 19 ကော်မတီများ၏ ဦးဆောင်မှုဖြင့် အရေးယူဆောင်ရွက်ခဲ့သည့် ဒဏ်ကြေးများလည်း ကျန်ရှိသေးကြောင်း သိရသည်။















