မက်ဆီသည် စပိန်ဘောလုံး၏အမှတ်တံဆိပ်ဖြစ်ပြီး ၎င်းထွက်ခွာသွားပါက စီရော်နယ်လ်ဒိုကို ဆုံးရှုံးခြင်းထက် ပိုဆိုးမည်ဟု လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ် သုံးသပ်

မက်ဆီသည် စပိန်ဘောလုံး၏အမှတ်တံဆိပ်ဖြစ်ပြီး ၎င်းထွက်ခွာသွားပါက စီရော်နယ်လ်ဒိုကို ဆုံးရှုံးခြင်းထက် ပိုဆိုးမည်ဟု လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ် သုံးသပ်
Photos: Getty Images,Marca
Photos: Getty Images,Marca
Published 20 June 2020

လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က မက်ဆီသည် စပိန်ဘောလုံး၏ အမှတ်တံဆိပ်ဖြစ်ပြီး ၎င်းထွက်ခွာသွားပါက စီရော်နယ်လ်ဒိုကို ဆုံးရှုံးခြင်းထက် ပိုဆိုးလိမ့် မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

ဇွန် (၂၄) ရက်တွင် အသက် (၃၃) နှစ်ပြည့်မည့် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ၏ စာချုပ်မှာ တစ်နှစ်သာကျန်ရှိတော့ပြီး ယခုနွေရာသီတွင် စာချုပ်သစ်မချုပ်နိုင်ပါက  ၂၀၂၁ ခုနှစ် နွေရာသီ၌ အလွတ်ထွက်ခွာရန် ဇန်နဝါရီတွင် အခြားအသင်းများနှင့် လွတ်လပ်စွာ ဆွေးနွေးခွင့်ပြုရမည်ဖြစ်သည်။ 

ယင်း အခြေအနေနှင့်ပတ်သက်၍ RAC1 ရေဒီယို က လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ် ကိုမေးမြန်းရာ ၎င်းက ရီးယဲလ်မက်ဒရစ် အသင်း တိုက်စစ်မှူးဟောင်း စီရော်နယ်လ် ဒိုနှင့် မက်ဆီတို့ကို နှိုင်းယှဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ''ခရစ္စတီယာနိုရဲ့ ထွက်ခွာမှုက မက်ဒရစ်ကို စိတ်အနှောင့်အယှက်ဖြစ်စေပေမဲ့ ကျွန်တော်တို့အတွက်ကတော့ သက်ရောက်မှု လုံးဝနီးပါးမရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လာလီဂါဆိုတဲ့ အမှတ်တံဆိပ်က ကစားသမားတွေထက်သာလွန်အောင် နှစ်ပေါင်းများစွာ လုပ်ထားနိုင်ခဲ့လို့ပါပဲ။ ဒါပေမဲ့ မက်ဆီရဲ့အခြေအနေကတော့ ကွဲပြားခြား နားပါတယ်။ မက်ဆီက ကစားပွဲတွေရဲ့သမိုင်းမှာ အကောင်းဆုံးကစားသမားပါ။ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်လုံး လာလီဂါ မှာကစားခဲ့တာ ကျွန်တော်တို့အတွက် ကံကောင်းပါတယ်။ မက်ဆီသာ ထွက်ခွာသွား မယ်ဆိုရင် အထူးသဖြင့် တခြားလိဂ်ကို ပြောင်းသွားခဲ့ရင် ဆိုတဲ့အချက်ကို ခင်ဗျားလည်းတွေး နေမှာပါ။ သူမရှိတော့ဘူးဆိုရင် ကျွန်တော်တို့ အတွက် ကပ်ဘေးတစ်ခုလိုမျိုး ကြုံတွေ့ရမှာ တော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မက်ဆီရှိရှိ၊မရှိရှိ ကျွန်တော်တို့က ရုပ်သံစာချုပ်တွေ ချုပ်ထားလို့ပါ။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်က ထပ်တိုးတန်ဖိုးပါပဲ။ မက်ဆီက ကျွန်တော်တို့ကို အမြဲတမ်း ပျော်ရွှင်စေတဲ့သူ ပါ။ မက်ဆီက စပိန်ဘောလုံးရဲ့ အမှတ်တံဆိပ် တစ်ခုပါ။ ကျွန်တော်တို့ပြိုင်ပွဲမှာပဲ ကစား သမားဘဝကုန်ချိန်အထိ ဆက်ကစားဖို့ ကျွန်တော်တောင်းဆိုသွားမှာပါ။ ကျွန်တော်တို့ အနေနဲ့ သူ့ကို ချစ်ခင်နှစ်သက်မှုတွေ အများ ကြီး ပေးထားပြီးသားပါ'' ဟု တီဘက်စ်က ဆိုသည်။

ဘာစီလိုနာအသင်းသည် မက်ဆီအား အသက် (၃၆) နှစ် (၂၀၂၃ ခုနှစ်) အထိ ဆက်ရှိ နေစေမည့် နှစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ် ဆိုရန် ကမ်းလှမ်းထားကြောင်း Mundo Deportivo သတင်းစာက ဖော်ပြသည်။ စာချုပ်သစ်ကိစ္စအတွက် မက်ဆီ၏ဖခင်ဖြစ် သူ ဂျော့ချ်နှင့် ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူ၊ အမှုဆောင်ချုပ် အော်စကာဂရာအူတို့ ဆွေးနွေးသွားမည်ဖြစ်သည်။ မက်ဆီသည် အသက် (၁၄) နှစ်အရွယ်ကတည်းက လာမာစီယာအကယ်ဒမီသို့ ရောက်ရှိလာသူဖြစ်ပြီး ဘာစီလိုနာစီနီယာအသင်းအတွက် (၁၆) ရာသီ ပါဝင်ကစားထားသည်။

Most Read

Most Recent