မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန် ယူနိုက်တက်အသင်းသည် MNL အမှတ်ပေး ပြိုင်ပွဲ ပြန်လည်မစတင်မီ အုပ်ချုပ်/နည်းပြ၊ ဝန်ထမ်းများနှင့် ကစားသမားများအား ကိုရို နာဗိုင်းရပ်စ် စစ်ဆေးမှုပြုလုပ်ခဲ့ရာ အသင်းသားအားလုံး Negative အဖြေထွက်ပေါ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြည်တွင်းပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရရန် သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တင်ပြထားပြီး ကျင်းပခွင့်ရပါက အဆင်သင့်ဖြစ်နေစေရန် ရန်ကုန်အသင်းက ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ကစားသမား (၃၀) အပါအဝင် အုပ်ချုပ်မှုအဖွဲ့၊ နည်းပြအဖွဲ့နှင့် ဝန်ထမ်းများအား ပြီးခဲ့သည့် ရက်ပိုင်းက စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အားလုံး Negative အဖြေထွက်ပေါ်ခဲ့သည်။ ''ကျွန်တော်တို့အသင်းအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းသားအားလုံးကို ကိုရိုနာဗိုင်း ရပ်စ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကစား သမား (၃၀) အပါအဝင် အုပ်ချုပ်မှုအဖွဲ့၊ နည်းပြ အဖွဲ့နဲ့ တခြားဝန်ထမ်းတွေ စုစုပေါင်း (၄၆) ဦး ပါဝင်ပါတယ်။ အသင်းသားအားလုံးကို နှာခေါင်းတို့ဖတ်ယူပြီး စစ်ဆေးသလို သွေးစစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဆေးစစ် ချက်တွေအရ အသင်းသားအားလုံး ရောဂါကင်းရှင်းပြီး Negative အဖြေထွက်ပါတယ်။ သက်ဆိုင်ရာဆီက ပြိုင်ပွဲကျင်းပဖို့ ခွင့်ပြုချက် ရရင် အသင်းလိုက်လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာပါ'' ဟု ရန်ကုန်အသင်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများအနက် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် စစ်ဆေးမှုများ ပထမဆုံးပြုလုပ်သည့်အသင်း လည်းဖြစ်လာသည်။ ရန်ကုန်ယူနိုက်တက် အသင်းသည် မြက်ခင်းတုကွင်း၊ လေ့ကျင့်ရေးကွင်း၊ Gym ခန်းမ၊ နားနေဆောင်နှင့် ရုံးခန်း များကိုလည်း ပိုးသတ်ဆေးဖျန်းခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်ယူနိုက်တက် အသင်းသည် ယခုရာသီတွင် ပြင်ဆင်မှုများစွာ ပြုလုပ်ထားပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေ သည့်ကာလမှာပင် ကစားသမားသစ်ခေါ်ယူ ၍ ပြင်ဆင်လျက်ရှိသည်။ ရန်ကုန်ယူနိုက်တက် အသင်းသည် ယခုရာသီ MNL အမှတ်ပေး ပြိုင်ပွဲတွင် ခုနစ်ပွဲကစားပြီးနောက် (၁၄) မှတ် ဖြင့် အဆင့် (၃) နေရာ ရပ်တည်နေသည်။ ရန်ကုန်အသင်းသည် (၉)ပွဲကစားထားပြီးဖြစ် သော်လည်း ချင်းယူနိုက်တက်နှင့် ဇွဲကပင် အသင်းတို့၏ ပွဲရလဒ်များကို ပယ်ဖျက်ခဲ့ရ သောကြောင့် (၁၄) မှတ်သာ ရရှိထားခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ပထမအကျော့ လက်ကျန်ပွဲ (၂)ပွဲကစားရန် ကျန်ရှိနေပြီး မကွေးအသင်း၊ ဟံသာဝတီအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် ဇယားထိပ်ဆုံးမှ ဟံသာဝတီအသင်းနှင့် (၇)မှတ်ကွာဟနေပြီး လက်ကျန် (၂)ပွဲစလုံး အနိုင်ရမှသာ ထိပ်ဆုံးနေရာကို ဖိအားပေးနိုင်မည်ဖြစ်သည်။ ရန်ကုန်အသင်း သည် (၇)ပွဲတွင် လေးပွဲနိုင်၊ (၂)ပွဲသရေ၊ (၁)ပွဲရှုံးနိမ့်ထားသည်။










