COVID-19 ကြောင့် မြန်မာနိုင်ငံအနေဖြင့် လက်တလောတွင် စီးပွားရေးထိခိုက်မှု သိသာစွာ မခံစားရ သေးသော်လည်း တတိယနှင့် စတုတ္ထလေးလပတ်တွင် သိသိသာသာ ခံစားလာရနိုင်ကြောင်း စီမံ/ဘဏ္ဍာ/စက်မှု ဒုတိယဝန်ကြီး ပြောကြား

COVID-19 ကြောင့် မြန်မာနိုင်ငံအနေဖြင့် လက်တလောတွင် စီးပွားရေးထိခိုက်မှု သိသာစွာ မခံစားရ သေးသော်လည်း တတိယနှင့် စတုတ္ထလေးလပတ်တွင် သိသိသာသာ ခံစားလာရနိုင်ကြောင်း စီမံ/ဘဏ္ဍာ/စက်မှု ဒုတိယဝန်ကြီး ပြောကြား
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် ဆွေးနွေးပြောကြားစဉ်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် ဆွေးနွေးပြောကြားစဉ်
Published 16 June 2020
ဇေယျာငြိမ်း

COVID-19 ကြောင့် မြန်မာနိုင်ငံအနေဖြင့် လက်တလောတွင် စီးပွားရေးထိခိုက်မှုကို သိသာစွာ မခံစားရ သေးသော်လည်း တတိယနှင့် စတုတ္ထလေးလပတ်တွင် သိသိသာသာ ခံစားလာရနိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။

ဇွန် ၁၆ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း (စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် (CERP နှင့် Economic Recovery Plan ရေးဆွဲသူ)၊ ဦးဇော်မင်းဝင်း (ဥက္ကဋ္ဌ- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI) တို့ COVID-19 ကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ အွန်လိုင်းမှတစ်ဆင့် အပြန်အလှန် ဆွေးနွေးခြင်း အစီအစဉ်တွင် ဒုတိယဝန်ကြီး ဦးဆက်အောင်က တင်ပြခဲ့ခြင်း ဖြစ်သည်။

“ပထမဦးဆုံးအနေနဲ့ကတော့ ထိခိုက်မှုက ပထမလေးလပတ်နဲ့ ဒုတိယလေးလပတ် မသိသာနိုင်သေးပါဘူး။ ဒုတိယလေးလပတ်မှာ ထိခိုက်မှု အနည်းအငယ် ရှိနိုင်ပါတယ်။ တကယ်တမ်းထိခိုက်မှု မြင်မြင်သာသာ ဖြစ်နိုင်တာက ထင်သာမြင်သာ ဖြစ်နိုင်တာက တတိယလေးလပတ်နဲ့ စတုတ္ထလေးလပတ်မှာ ပိုပြီးတော့ ဖြစ်လာနိုင်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။

ယင်းကဲ့သို့ စီးပွားရေး ထိခိုက်မှုများအပေါ် အနည်းဆုံးဖြစ်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်နိုင်မည့် ရေတို၊ ရေရှည်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ခုနကပြောသလိုပဲ တတိယလေးလပတ်နဲ့ စတုတ္ထလေးလပတ်မှာတော့ ဒီထိခိုက်မှုတွေက ပိုပြီးတော့ ခံစားလာနိုင်ရတာ ဖြစ်တဲ့အတွက် ထိခိုက်မှုတွေ သက်သာလာနိုင်အောင်လို့ စတင်ပြီးစီမံချက်တွေ ရေးဆွဲနေတာ ဖြစ်ပါတယ်။ အဲဒီစီမံချက်တွေ ရေးဆွဲတဲ့ အဓိက ရည်ရွယ်ချက်ကတော့ သက်ဆိုင်ရာ ဌာနတွေကနေပြီးတော့ လက်လှမ်းမီသလောက် လုပ်ငန်းစဉ်တွေကို သီးခြားအစီအစဉ်တွေနဲ့ ဆောင်ရွက်နေမယ့်အစား ထိရောက်တဲ့ လမ်းညွှန်ချက်တွေချမယ်။ လုပ်ငန်းလိုအပ်ချက်၊ အတိအကျ အသေးစိတ် လုပ်ငန်းစီမံချက်တွေချပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာဌာနတွေ အကုန်လုံးက ပေါင်းစပ်ပြီးတော့ ဦးတည်ချက်တစ်ခုထဲကို ဦးတည်ချက်ကလည်း ဘာလဲဆိုတော့ စီးပွားရေး ထိခိုက်မှု သက်သာစေရေး ဦးတည်ချက် တစ်ခုတည်းကို ဆောင်ရွက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ ပိုပြီးတော့ ထိရောက်တဲ့ အကောင်အထည်ဖော်မှုကို ဖြစ်ပေါ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်ဆိုတဲ့ CERP ဆိုတာကို အမြန်ဆုံးရေး ဆွဲခဲ့တာဖြစ်ပါတယ်။ အဲဒီ CERP မှာပါတာကတော့ အဓိက ကာလတိုစီမံချက်တွေ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။

စီးပွားရေးကုစားမှု ရေတို၊ ရေရှည် စီမံချက်များ ရေးဆွဲရာ၌လည်း အကြီးစားစီးပွားရေးလုပ်ငန်း တစ်ခုတည်းကို ဦးတည်ရေးဆွဲခြင်း မဟုတ်ဘဲ အလုပ်သမား၊ တောင်သူလယ်သမား၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍ အားလုံးကို အကျိုးသက်ရောက်မှု ရှိစေရန် ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီလုပ်ငန်းစီမံချက်တွေက ကျယ်ပြန့် Macro စီးပွားရေးတစ်ခုတည်းကို ဦးတည်တာ မဟုတ်ဘဲနဲ့ ပိုမိုအသေးစိတ်ကျတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေကိုလည်း ဦးတည်ပါတယ်။ အသေးစိတ်ကျတဲ့ အိမ်ထောင်စုတွေ အလုပ်သမား လူတန်းစားတွေ။ နောက်ပြီး တောင်သူလယ်သမားတွေ အဲဒီလိုအသေးစိတ်ကျတဲ့ အုပ်စုတွေကိုလည်း တိုက်ရိုက်အကျိုးရှိစေဖို့ ရေးဆွဲထားတာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။

အဆိုပါ ရေတိုစီမံကိန်းနှင့် ရေရှည်စီမံကိန်းများ အချင်းချင်းချိတ်ဆက် ဆောင်ရွက်ရာတွင် ရှုပ်ထွေးမှုများ ရှိလာနိုင်သဖြင့် ချိတ်ဆက်မှု အားကောင်းလာစေရန် စီးပွားရေး နာလန်ထူရေး စီမံကိန်းအတွက် စီစဉ်ထားမှုများရှိကြောင်း၊ လက်ရှိတွင်လည်း ယင်းအတွက် ဆောင်ရွက်မှုများ စတင်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent