CNG သုံး ခရီးသည်တင်မော်တော်ယာဉ်များ အသုံးပြုနိုင်ရန် ရေနံမြေများမှထွက်ရှိသော ကုန်းတွင်းသဘာဝဓာတ်ငွေ့ဖြင့် နေ့စဉ် ကုဗပေ ၂၃ သန်းကျော် ဖြန့်ဖြူးပေးလျက်ရှိ

CNG သုံး ခရီးသည်တင်မော်တော်ယာဉ်များ အသုံးပြုနိုင်ရန် ရေနံမြေများမှထွက်ရှိသော ကုန်းတွင်းသဘာဝဓာတ်ငွေ့ဖြင့် နေ့စဉ် ကုဗပေ ၂၃ သန်းကျော် ဖြန့်ဖြူးပေးလျက်ရှိ
မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင် အမှတ် (၀၀၈) ပုလဲဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ- MOEE)
မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင် အမှတ် (၀၀၈) ပုလဲဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ- MOEE)
Published 14 June 2020
နီလာ

CNG သုံး ခရီးသည်တင်မော်တော်ယာဉ်များအတွက် အသုံးပြုနိုင်ရန် ရေနံမြေများမှ ထွက်ရှိသော ကုန်းတွင်းသဘာဝဓာတ်ငွေ့ဖြင့် နေ့စဉ် ကုဗပေ ၂၃ သန်းကျော် ဖြန့်ဖြူးပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) ရောင်းချပေးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် လက်ရှိအချိန်အထိ စုစုပေါင်း မော်တော်ယာဉ်အစီးရေ ၂၆၉၇၀ ကို သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်အဖြစ် ပြောင်းလဲတပ်ဆင်ပေးနိုင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ၄၁ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် နှစ်ဆိုင်၊ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် နှစ်ဆိုင်နှင့် ချောက်မြို့တွင် တစ်ဆိုင် စုစုပေါင်း ၄၆ ဆိုင်ဖွင့်လှစ်၍ ၂၄ နာရီပိတ်ရက်မရှိ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ် ၂၈၂၉၉ စီးကို နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေ ၂၃ သန်းခန့်အသုံးပြု၍ တစ်ကီလိုဂရမ်လျှင် ၂၇၃ ဒသမ ၂၅ ကျပ်နှုန်းဖြင့် နေ့စဉ် ကီလိုဂရမ် ၅၁၀၀၀၀ ကျော် ရောင်းချပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် သဘာဝဓာတ်ငွေ့ကို ၁၉၈၆ ခုနှစ်တွင် အရောင်းဆိုင် သုံးဆိုင်ဖြင့် စတင်ဖြန့်ဖြူးရောင်းချခဲ့ရာမှ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် အရောင်းဆိုင် နှစ်ဆိုင်နှင့် မကွေးတိုင်းဒေသကြီးတွင် အရောင်းဆိုင် သုံးဆိုင်၊ စုစုပေါင်း ၄၆ ဆိုင်အထိ တိုးတက်လာခဲ့ပြီး သဘာဝဓာတ်ငွေ့သုံး (Natural Gas Vehicle-NGV) မော်တော်ယာဉ် ၂၈၂၉၉ စီးတို့အား နေ့စဉ်သဘာဝဓာတ်ငွေ့ကုဗပေ ၂၃ သန်းခန့်အသုံးပြု၍ တစ်ကီလိုဂရမ်လျှင် ၂၇၃ ဒသမ ၂၅ ကျပ်နှုန်းဖြင့် နေ့စဉ် စုစုပေါင်းကီလိုဂရမ် ၅၁၀၀၀၀ ကျော်ခန့်အား ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့သော အရောင်းဆိုင်များအား ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် CNG ဆိုင်နေရာသစ်များ ထပ်မံဖွင့်လှစ်နိုင်ရေးကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

CNG အရောင်းဆိုင်များတွင် နည်းပညာမြင့် CNG Compressor စက်သစ်များ အစားထိုး တပ်ဆင်ထားသောကြောင့် ဓာတ်ငွေ့ဖြည့်တင်းမှု ပိုမိုမြန်ဆန်လာပြီး အရောင်းဆိုင်ပြင်ပလမ်းမပေါ်တွင် ယာဉ်တန်းစီမှု လျော့နည်းလျက်ရှိသည်။ ရောင်းချနေသည့် CNG စျေးနှုန်းသည် တစ်ဂါလံလျှင် ကျပ် ၁၀၀၀ နှုန်းနှင့်ညီမျှရာ ဒီဇယ်၊ ဓာတ်ဆီတို့ စျေးနှုန်းထက် သုံးဆခန့်သက်သာသဖြင့် ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးကဏ္ဍများတွင် သက်သာစွာအသုံးပြုလျက်ရှိကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် သုံးဆိုင်တို့တွင် မော်တော်ယာဉ်များသို့ CNG ဖြန့်ဖြူးရောင်းချနေမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် မှော်ဘီမြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် အမှတ် (၀၄၂) ထောက်ကြန့်နှင့် ရွှေပြည်သာမြို့နယ်ရှိ (၀၂၇) ရွှေပြည်သာ-၂ တို့ကိုလည်း စစ်ဆေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent