၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ချင်းယူနိုက်တက်အသင်းနှင့် ဇွဲကပင်အသင်းသည် အသင်းဖျက်သိမ်းပြီး နုတ်ထွက်ကြောင်း ဇွန် (၁၀)ရက်က ပြုလုပ်သည့် လိဂ်ကော်မတီအစည်းအဝေးတွင် အတည်ပြုထုတ်ပြန်ခဲ့သည်။
MNL ကလပ်အသင်းများဖြစ်သည့် ချင်းယူနိုက်တက်နှင့် ဇွဲကပင်အသင်းတာဝန်ရှိသူများသည် လိဂ်ကော်မတီအစည်းအဝေးတွင် နုတ်ထွက်လိုကြောင်းတင်ပြခဲ့ပြီး လိဂ်ကော်မတီက အတည်ပြုခဲ့သောကြောင့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပြန်လည်စတင်ပါက အသင်း (၁၀)သင်းဖြင့်သာ ကျင်းပရမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပြန်လည်ကျင်းပခွင့်ရပါက ပွဲစဉ်များပြန်လည်ရေးဆွဲရမည်ဖြစ်ပြီး ယင်းနှစ်သင်း၏ ရလဒ်နှင့် လက်ကျန်ပွဲအခြေအနေများကို အတည်ပြုရမည်ဖြစ်သည်။
ယင်းနှစ်သင်းသည် ယခုရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် (၁၀)ပွဲစီကစားထားပြီး ပြိုင်ပွဲခေတ္တရပ်နားချိန်တွင် ဇယားအောက်ပိုင်း၌ ရပ်တည်နေသည်။
ဇွဲကပင်အသင်းက (၁၀)ပွဲကစား ခြောက်မှတ်ဖြင့် အဆင့်(၁၀)၊ ချင်းယူနိုက်တက်အသင်းကမူ (၁၀) ပွဲကစား လေးမှတ်ရရှိထားသည်။
ဇွဲကပင်အသင်းသည် ၂၀၁၀ ပြည့်နှစ်ကတည်းက တည်ထောင်ခဲ့သည့် အသင်းဖြစ်ပြီး ချင်းယူနိုက်တက်အသင်းမှာမူ ဒုတိယအကြိမ် ဖျက်သိမ်းခြင်းဖြစ်ကာ ၂၀၁၇ ရာသီကုန်က ပထမအကြိမ်ဖျက်သိမ်းဖူးပြီး ၂၀၁၉ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းသော်လည်း နှစ်နှစ်သက်တမ်းကာလမှာပင် ပြန်လည်ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း ကလပ်အသင်းအချို့မှာ ဘဏ္ဍာရေးအခြေအနေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းမှုများရှိခဲ့သည်။










